ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် (UTCC) ရဲ့ စစ်တမ်းအရ ၂၀၂၆ ခုနှစ် ချစ်သူများနေ့ (Valentine's Day) ကာလအတွင်း ငွေကြေးသုံးစွဲမှုဟာ ထိုင်းဘတ်ငွေ ၂.၉ ဘီလီယံနီးပါး ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်ထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ် အတွင်း အမြင့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။ လူပေါင်း ၁,၂၈၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဒီနှစ် ချစ်သူများနေ့ အငွေ့အသက်ဟာ ယခင်နှစ်တွေထက် ပိုမိုသက်ဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် တစ်ဦးကို ဘတ် ၂,၄၀၁ ခန့် သုံးစွဲကြမှာဖြစ်ပြီး လက်တွဲဖော်အတွက် လက်ဆောင်ဖိုးကတော့ ဘတ် ၁,၃၂၁ ခန့် ရှိပါတယ်။ အသက်အရွယ်အပိုင်းအခြားအရ Gen X တွေက ငွေကြေးအများဆုံး သုံးစွဲသူတွေ ဖြစ်ကြပါတယ်။



