လားရှိုးမြို့နယ် ဟက်ကာရွာက နွားသတ်ရုံအနီးဝန်းကျင်မှာ ဖွင့်လှစ်ထားတဲ့ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖဲဝိုင်းမျိုးစုံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ပြန်လည်စတင်ဖွင့်လှစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။လောင်းကစားဝိုင်းအပြင် မူးယစ်ဆေးဝါးတွေကိုပါ ပေါ်ပေါ်တင်တင် အရောင်းအဝယ် လုပ်နေပြီး သုံးစွဲနေတဲ့သူတွေလည်း ပေါများလာတယ်လို့ပြောပါတယ်။လောင်းကစားဝိုင်းတွေကြောင့် လက်ရှိ လားရှိုးမြို့မှာ ဆိုင်ကယ်လုယက်တာတွေ၊ ကားလုယက်မှုတွေ၊ ဓားပြတိုက်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။တရားမဝင် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုတွေကို အမြန်ဆုံး စစ်ဆေးအရေးယူပေးပြီး ပိတ်ပင်တားဆီးပေးစေလိုကြောင်းကို ဒေသခံတွေက တောင်းဆိုထားပါတယ်။



