ထိုင်းနိုင်ငံမှာ ကြက်တူရွေးအဖျားရောဂါ (Psittacosis) ဖြစ်ပွားမှု ရှိနေတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားမဟုတ်ဘဲ သတင်းအမှန်ဖြစ်ကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) က အတည်ပြုလိုက်ပါတယ်။ သတင်းအမှန်ဖြစ်ကြောင်း အတည်ပြုချက်အရထိုင်းနိုင်ငံရဲ့ သတင်းမှားတိုက်ဖျက်ရေးစင်တာ (AFNC) က စိစစ်ပြီးနောက် ဒီရောဂါတွေ့ရှိမှုဟာ မှန်ကန်ကြောင်းနဲ့ ပြည်သူတွေ သတိထားကြဖို့ DES က နှိုးဆော်ထားပါတယ်။ ဒါဟာ နည်းပညာအသုံးပြုပြီး ဖြန့်ဝေတဲ့ သတင်းမှားတွေကို တိုက်ဖျက်ရေးမူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ပထမဆုံး လူနာတွေ့ရှိမှု အခြေအနေမှာ-ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က ပထမဆုံးလူနာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လူနာမှာ အခံရောဂါရှိပြီး လေဝင်လေထွက်မကောင်းတဲ့နေရာမှာ ငှက်တွေကို မွေးမြူထားသူ ဖြစ်ပါတယ်။ လှောင်အိမ်သန့်ရှင်းရေးလုပ်ချိန်မှာ အကာအကွယ်ပစ္စည်းတွေ မဝတ်ဆင်ခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ လူနာဟာ ဆေးကုသမှုခံယူပြီး အပြည့်အဝ ပြန်လည်သက်သာလာပါပြီ။
ရောဂါကူးစက်ပုံနဲ့ လက္ခဏာများအရ
ဒီရောဂါဟာ Chlamydophila psittaci ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး ကြက်တူရွေး၊ ခို၊ ဘဲနဲ့ ကြက်ဆင်တို့လို ငှက်တွေမှာ တွေ့ရတတ်ပါတယ်။ ကူးစက်ပုံ - ငှက်ချေးခြောက်၊ အမွှေးအတောင် ဒါမှမဟုတ် ငှက်တွေရဲ့ အရည်တွေကနေတစ်ဆင့် လေထဲပျံ့နှံ့လာတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိရာကနေ ကူးစက်နိုင်ပါတယ်။လက္ခဏာများ - သာမန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ဆင်တူတာကြောင့် သတိမထားမိဘဲ နေတတ်ကြပါတယ်။ အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတွေ ဖြစ်တတ်ပါတယ်။


