မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ မိတ္ထီလာမြို့အတွင်းတွင် နေအိမ်အတွင်းသို့ ဆိုင်ကယ်ဝင်ခိုးယူသည်အထိ သူခိုးများ အတင့်ရဲကာသောင်းကျန်းလာကြောင်း ဒေသခံများမှ လူမှုကွန်ရက်တွင် အသိပေးဖော်ပြချက်အရ သိရသည်။(ဖေဖော်ဝါရီ ၀၃ ရက်) နံနက်အစောပိုင်းက မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်၊ နယ်မြေ ၂ ရှိ နေအိမ်တစ်အိမ်တွင် နေအိမ်အတွင်းထားသော ဆိုင်ကယ်ခိုးယူခံရသည့်ဖြစ်ရပ်မျိုးလည်း ဖြစ်ပွားခဲ့သည်။အဆိုပါ ဆိုင်ကယ်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ အထက(ခွဲ) ထန်းတောဦးရွာတွင် တာဝန်ကျသော ကျောင်းဆရာမ၏ ဆိုင်ကယ်ဖြစ်ပြီး ထန်းတောဦးရွာစာသင်ကျောင်းသို့ ကျောင်းဆရာမနှစ်ဦး သွားသည့်အခါ ဆိုင်ကယ်တစ်ယောက် တစ်စီးစီ ဖြစ်နေသည့်အတွက် ရင်းနှီးသောအသိမိတ်ဆွေတစ်ဦး၏ နေအိမ်၌သိမ်းထား၍ သွားခဲ့ကြောင်း၊ ကျောင်းပိတ်မှသာ ဝင်ယူလေ့ရှိတတ်ကြောင်း သိရသည်။ထိန်းသိမ်းစောင့်ရှောက်ထားပေးသော အိမ်ရှင်မှာ နှစ်ထပ်အိမ်၏အောက်ထပ်တွင် အိမ်ရှင်မိသားစုပိုင် တရုတ်ဘီးနှင့် ကျောင်းဆရာမမှ အပ်နှံထားရှိသော ထိုင်း ဘီး (wave 100 နက်မီးခိုး) ဆိုင်ကယ်နှစ်စီးကို အတူတူတွဲလျက်ရပ်ထားပြီး ထိန်းသိမ်းထားခဲ့ကြောင်း၊ ခိုးယူသူများမှာ ယင်းဆိုင်ကယ်နှစ်စီးအနက် တရုတ်ဘီးကိုတွန်းလှဲထားခဲ့ပြီး ကျောင်းဆရာမ၏ ထိုင်းဘီးကို ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုဖြစ်ရပ်အတွက် သက်ဆိုင်ရာထံ အမှုဖွင့်တိုင်ကြားထားပြီး ခိုးယူခံရသော ဆိုင်ကယ်အမှတ် ၅၉ ယ / ၃၈၆၆၈၊ စက်အမှတ် HC 12E 6190572 ၊ ဘောင်အမှတ် RLHHC 1260 GY 076993 ကိုတွေ့ရှိပါက သတင်းပေးဆက်သွယ်နိုင်ရန်လည်း အသိပေးထားသလို ပိုမိုအတင့်ရဲလာသော သူခိုးများအန္တရာယ်ကို သတိပြုနိုင်ရန် ဒေသခံများကြားတွင် သတိပေးမှုများရှိလာကြောင်း သိရသည်။
Feb 04 • 1:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 12 | 0 | 0 | 0 |


