ပြင်သစ်ရဲတပ်ဖွဲ့က ပါရီမြို့ရှိ X ရုံးခန်းကို ဝင်ရောက်စီးနင်းရှာဖွေပြီး Elon Musk ကို စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ထားကြောင်း ပါရီအစိုးရရှေ့နေရုံးက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါ ဝင်ရောက်စီးနင်းမှုသည် ၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သော အဖွဲ့အစည်းတစ်ခု၏ အလိုအလျောက် ဒေတာလုပ်ဆောင်ရေးစနစ်တစ်ခုအတွင်းရှိ ဒေတာများကို မသမာသောနည်းလမ်းဖြင့် ထုတ်ယူမှုဆိုင်ရာ စွပ်စွဲချက်များအပေါ် ဆက်လက်စုံစမ်းစစ်ဆေးနေသည့် လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းသိရသည်။ပြင်သစ်အစိုးရရှေ့နေရုံး၏ ဆိုင်ဘာရာဇဝတ်မှုနှိမ်နင်းရေးဌာနကမူ အဆိုပါစုံစမ်းစစ်ဆေးမှုကို အခြားသော ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များဖြစ်သည့် ကလေးသူငယ်ကာမဆိုင်ရာ အလွဲသုံးစားပြုမှုဆိုင်ရာ အချက်အလက်များ လက်ဝယ်ထားရှိခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် ပါဝင်ပတ်သက်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုချိုးဖောက်မှုများနှင့် ဟိုလိုကော့စ်(Holocaust) လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုမှုများအထိ တိုးချဲ့စုံစမ်းနေကြောင်း ပြောကြားခဲ့သည်။X နှင့် ၎င်း၏ပိုင်ရှင် အီလွန်မတ် တို့သည် ကုမ္ပဏီ၏ Grok AI ကို အသုံးပြု၍ အခြားသူများ၏ ခွင့်ပြုချက်မရှိဘဲ ဖန်တီးထားသော ပုံရိပ်များ (ကလေးသူငယ်အလွဲသုံးစားမှုဆိုင်ရာ ပုံများအပါအဝင်) ကို ၎င်းတို့၏ ပလက်ဖောင်းပေါ်တွင် ဖော်ပြခွင့်ပြုထားသည့်အတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လာခြင်းဖြစ်သည်။၂၀၂၂ ခုနှစ်က X (ယခင် Twitter) ကို ဝယ်ယူခဲ့သူ အီလွန်မတ်နှင့် X ၏ အမှုဆောင်အရာရှိချုပ်ဟောင်း လင်ဒါယက်ကာရီနို တို့ကို ယခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ထားသည်။ အမည်မဖော်လိုသည့် X ဝန်ထမ်းအချို့ကိုလည်း ထိုရက်သတ္တပတ်အတွင်း၌ပင် စစ်ဆေးရန် ဆင့်ခေါ်ထားကြောင်း ရှေ့နေရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ယင်းကိစ္စနှင့် ပတ်သက်၍ X ၏ ပြောရေးဆိုခွင့်ရှိသူက X ၏ Global Government Affairs အကောင့်တွင် တင်ထားသည့် ထုတ်ပြန်ချက်ကိုသာ ရည်ညွှန်းပြောဆိုခဲ့ပြီး၊ ကုမ္ပဏီအနေဖြင့် "ယနေ့ ဝင်ရောက်စီးနင်းမှု၏ အခြေခံစွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်းနှင့် မည်သည့်အမှားအယွင်းကိုမဆို အခိုင်အမာ ငြင်းဆိုကြောင်း" ပြောသည်။ပါရီအစိုးရရှေ့နေရုံး၏ ပြောရေးဆိုခွင့်ရှိသူ မေလစ်ဒီရော့ခ်Maylis က ဝင်ရောက်စီးနင်းမှုကို အတည်ပြုခဲ့ပြီး "အစိုးရရှေ့နေရုံး၏ အန္တိမရည်မှန်းချက်မှာ X ပလက်ဖောင်းသည် ပြင်သစ်နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသည်ဖြစ်သောကြောင့် ပြင်သစ်ဥပဒေများကို လိုက်နာမှုရှိစေရန် သေချာစေဖို့ဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားခဲ့သည်။



