သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဒီဇယ်ဆီတင်ဆောင်လာသော သင်္ဘောတစ်စီးပေါ်မှ ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM)၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးခဲ့ပြီး စစ်ဆေးချက်အရ အဆိုပါ ဒီဇယ်ဆီဟာ ဒီဇယ်ဆီစံသတ်မှတ်ချက် မကိုက်ညီသည့်အတွက် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာ နိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့ပါတယ်။ကုန်လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) တင်ဆောင်လာတဲ့ Tanker သင်္ဘောတစ်စီး ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချရေးနှင့် ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန် ရေနံချက်စက်ရုံ စီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော်လျက်ရှိနေပြီး ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ ဝယ်ယူတင်သွင်းနေရဆဲဖြစ်ရာ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေး၊ အခြင်အတွယ်ပြည့်မှီရေး၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) အတွက် ကြီးကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။အများပြည်သူများ အသုံးပြုလျက်ရှိသည့် ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းတွင် ထုတ်လုပ်၍ ဈေးကွက်တွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော စက်ဆီ၊ ချောဆီများ၏ အရည်အသွေးကိုက်ညီမှန်ကန်မှုရှိစေရေး တို့ကိုလည်း ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။



