၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်မှာ ထိုင်းနိုင်ငံ၊ Lampang ပြည်နယ်၊ Mueang ခရိုင်ရှိ "ဝပ်မွန်ပူးယပ်" (ခေါ်) "ဝပ်မွန်စန်ထန်" ဘုန်းကြီးကျောင်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုကြောင့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး သစ်သားနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းကျောင်းဆောင်ကြီး တစ်ခုလုံး မီးထဲပါသွားခဲ့ရပါတယ်။မီးလောင်ချိန်မှာ ကျောင်းထိုင်ဆရာတော်က အပြင်ကိစ္စနဲ့ ကြွနေတာကြောင့် ကျောင်းမှာ မရှိခဲ့ပါဘူး။ ဒေသခံတွေက မီးခိုးလုံးကြီးတွေနဲ့ မီးတောက်တွေကို မြင်တွေ့ရပြီးနောက် ချက်ချင်း အကြောင်းကြားခဲ့ပေမယ့် သစ်သားကျောင်းဆောင်ဖြစ်တာကြောင့် မီးကူးစက်မြန်ဆန်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က တစ်နာရီကြာအောင် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ ကနဦး စစ်ဆေးချက်တွေအရတော့ လျှပ်စစ်ဝါယာရှော့ဖြစ်ရာကနေ စတင်လောင်ကျွမ်းတာလို့ ယူဆထားကြပါတယ်။ဒီကျောင်းဟာ ၁၈၉၉ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး Lampang ပြည်နယ်ရဲ့ ထင်ရှားတဲ့ ရှေးဟောင်းနေရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဒီကျောင်းဆောင်ဟာ မြန်မာ့ရိုးရာ ဗိသုကာလက်ရာတွေ၊ မြန်မာ့အနုပညာ လက်ရာတွေနဲ့ တည်ဆောက်မွမ်းမံထားတာကြောင့် သမိုင်းတန်ဖိုးကြီးမားတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။
အစားထိုးမရနိုင်တဲ့ ဒီလို တန်ဖိုးရှိလှတဲ့ မြန်မာ့အနုပညာလက်ရာတွေနဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခု ဆုံးရှုံးသွားရတာကြောင့် ဒေသခံရွာသားတွေဟာ ဝမ်းနည်းပူဆွေးကာ မျက်ရည်ကျခဲ့ကြပါတယ်။ လက်ရှိမှာတော့ မီးလောင်ရတဲ့ အတိအကျအကြောင်းရင်းကို သိရဖို့အတွက် မှုခင်းသိပ္ပံရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။



