ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် အခြေစိုက်၍ ကျားဖြန့်အပါအဝင် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းမှ ခေါင်းဆောင်ပိုင်း ၄ ဦးဖြစ်သူ ပယ်ရင်ချိန်၊ ရန်လိချန်၊ ဟူရှောင်ကျန်းနှင့် ချန်ကွမ်ရိ တို့ကို တရုတ်အစိုးရက (ဖေဖော်ဝါရီ ၂ ရက်) တွင် သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ၎င်းတို့သည် ကိုးကန့်ဒေသတွင် လက်နက်ကိုင်များဖြင့် အကာအကွယ်ယူကာ အွန်လိုင်းငွေလိမ်လည်မှု၊ လောင်းကစားရုံဖွင့်လှစ်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် မူးယစ်ဆေးဝါး တန်ချိန် ၁၁ တန်ခန့် ရောင်းဝယ်ဖောက်ကားမှုများ ကျူးလွန်ခဲ့ကြောင်း တရုတ်အမြင့်ဆုံးပြည်သူ့တရားရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။အဆိုပါ ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် ငွေကြေးပမာဏမှာ ယွမ် ၂၉ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရသည်။ ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ရောဂါဖြင့် သေဆုံးသွားခဲ့ပြီးနောက် ကျန်ရှိသည့် အဖွဲ့ဝင်များ၏ အယူခံကို ပယ်ချကာ ယခုကဲ့သို့ ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်မီ ဇန်နဝါရီ ၂၉ ရက်ကလည်း မြီမိသားစု ရာဇဝတ်ဂိုဏ်းဝင် ၁၁ ဦးကိုလည်း တရုတ်အစိုးရက သေဒဏ်စီရင်ခဲ့ပြီးဖြစ်သည်။
Feb 03 • 3:38 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


