ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဇန်နဝါရီလ ၂၄ ရက်ကတည်းက အသက် ၂၉ နှစ်အရွယ်ရှိ စိုင်းမောင်သိန်းလှိုင်ဆိုသူသည် ခဏအပြင်ထွက်လည်မည်ဟုဆိုကာ နေအိမ်မှထွက်သွားပြီးနောက် ယနေ့အချိန်ထိ အိမ်သို့ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။၎င်းသည် စိတ်ကျရောဂါ (Depression) ဝေဒနာကို ခံစားနေရသူဖြစ်ပြီး ပုံမှန်ဆေးသောက်ရန် လိုအပ်သူလည်း ဖြစ်ကြောင်း ပျောက်ဆုံးနေသူ စိုင်းမောင်သိန်းလှိုင်၏ အစ်ကိုဖြစ်သူကပြောသည်။ အဆိုပါပျောက်ဆုံးနေသူမှာ စိတ်ကျရောဂါခံစားနေရသဖြင့် အစစ်အဆေး၊ အမေးအမြန်းများနှင့် ကြုံတွေ့ရပါက ကြောက်ရွံ့ပြီး စကားပြန်မပြောနိုင်ခြင်း၊ ထွက်ပြေးခြင်းများ ပြုလုပ်နိုင်သောကြောင့် ရာဇဝတ်သားတစ်ဦးအဖြစ် အထင်မှားကာ ဖမ်းဆီးခေါ်ဆောင်သွားမည်ကို မိသားစုဝင်များက စိုးရိမ်နေရသည်။



