ထိုင်းနိုင်ငံ၏ ဒူးရင်းထွက်ရှိမှုသည် ယခုနှစ်တွင် တန်ချိန် ၁.၇၈ သန်းအထိ (၁၀ ရာခိုင်နှုန်းခန့်) တိုးတက်လာနိုင်သော်လည်း ရိတ်သိမ်းချိန်၌ ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် စုဆောင်းရေးစင်တာ မလုံလောက်မှု စိန်ခေါ်ချက်များ ရှိနေကြောင်း ထိုင်းပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန (DIT) က ခန့်မှန်းထားသည်။ အဓိကကျွမ်းကျင်လုပ်သားများဖြစ်သည့် ကမ္ဘောဒီးယားလုပ်သား အရေအတွက် လျော့နည်းလာသဖြင့် မြန်မာလုပ်သားများ ဒူးရင်းကဏ္ဍသို့ ဝင်ရောက်လာကြသော်လည်း ၎င်းတို့အား စနစ်တကျ ရိတ်သိမ်းခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပေးရန် လိုအပ်နေကြောင်း ညွှန်ကြားရေးမှူးချုပ် ဝစ်တယခွန်က ပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ တင်းကျပ်သော ဓာတုစစ်ဆေးမှုများ၊ ကွန်တိန်နာရှားပါးမှုများနှင့် ရင်ဆိုင်နေရသဖြင့် ထိုင်းအစိုးရအနေဖြင့် R3A လမ်းကြောင်းမှတစ်ဆင့် တရုတ်ဈေးကွက်သစ်များသို့ တင်ပို့ရန်နှင့် အိန္ဒိယ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ဈေးကွက်သစ်များသို့ပါ တိုးချဲ့ထိုးဖောက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။



