လုပ်ပွဲအရှုပ်တော်ပုံများကြောင့် တရုတ်စူပါလိဂ်ကလပ်အသင်းအများအပြားကို တရုတ်ဘောလုံး အဖွဲ့ချုပ်က အမှတ်လျှော့ပြစ်ဒဏ်များ ချမှတ်ခဲ့ရာ အသင်းထက်ဝက်ကျော် အနုတ်ရမှတ်များဖြင့် ရာသီသစ်ကိုစတင်ရမည်ဖြစ်သည်။လုပ်ပွဲများ၊လောင်းကစားနှင့်ပတ်သက်မှု၊အကျင့်ပျက်မှုများကို ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးပြီးနောက် စူပါလိဂ်ကလပ်အသင်း ၁၆ သင်းအနက် ကိုးသင်းကို အနည်းဆုံး ငါးမှတ်မှ အများဆုံး ၁၀ မှတ်အထိ အမှတ်လျှော့ ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရသည့် အသင်းများတွင် ပြီးခဲ့သည့် ရာသီကချန်ပီယံဖြစ်ခဲ့သည့် ရှန်ဟိုင်း ပေါ့တ် အသင်းလည်းပါဝင်ပြီး အနုတ်ငါးမှတ်ဖြင့် ရာသီသစ်ကိုစတင်ရမည်ဖြစ်သည်။ရှန်ဟိုင်းပေါ့တ်သည် ချဲလ်ဆီးကွင်းလယ်ကစားသမား အော်စကာအပါအဝင် ထင်ရှားသည့်ဘရာဇီးကစားသမားများ ကစားခဲ့ ဖူးသည့် ကလပ်အသင်းဖြစ်သည်။ပြီးခဲ့သည့်ရာသီကဒုတိယ နေရာ၌ရပ်တည်နိုင်ခဲ့သည့် ရှန်ဟိုင်းရှင်ဟွာအသင်းလည်း ၁၀မှတ် လျှော့ပြစ်ဒဏ်ချမှတ်ခံရသည်။ရှန်ဟိုင်းရှင်ဟွာသည် တီဗက်၊ဒရော့ဘာ၊ မန်ချက်စတာယူနိုက်တက်တွင် ကာလတိုအငှားဖြင့် ကစားခဲ့ဖူးသော အီဂဟာလို၊ အေစီမီလန်နှင့် ရိုးမားတိုက်စစ်မှူးဟောင်း အယ်ရှာရာဝီစသည့် ဥရောပ အခြေစိုက် နာမည်ကျော် ကစားသမားများကိုခေါ်ယူခဲ့ဖူးအသင်းဖြစ်သည်။တရုတ်ဘောလုံးအဖွဲ့ချုပ်က အသင်းအများအပြားကို အမှတ်လျှော့ပြစ်ဒဏ်များအပြင် အသင်းပေါင်း ၁၃ သင်းကို တရုတ်ယွမ် နှစ်သိန်းမှ တစ်သန်းအထိ ပါဝင်သည့် ဒဏ်ငွေများလည်းချမှတ်ခဲ့သည်။ ပြစ်ဒဏ်ချမှတ်ခံရသည့် အသင်းများအနက် လေးသင်းမှာ တရုတ်လိဂ်ဝမ်းသို့ တန်းဆင်းသွားခဲ့သည့် အသင်းများဖြစ်ကြောင်း တရုတ်ပြည်တွင်းသတင်းများတွင်ဖော်ပြသည်။ ယခုချမှတ်သည့် အမှတ်လျှော့ပြစ်ဒဏ်နှင့်ဒဏ်ငွေများသည် ကလပ်အသင်းတစ်သင်းစီက ပါဝင်ခဲ့သော မသမာမှုလုပ်ရပ် အတိမ်အနက်နှင့် အကျိုးသက်ရောက်မှုများအပေါ် အခြေခံကြောင်း တရုတ်ဘောလုံး အဖွဲ့ချုပ်ကပြောသည်။ကမ္ဘာကျော် ကစားသမားအမြောက်အများကိုခေါ်ယူကာ ပုံရိပ်မြှင့်တင်ရန် ကြိုးပမ်းခဲ့သော်လည်း တရုတ် စူပါလိဂ်ပြိုင်ပွဲသည် လုပ်ပွဲများ၊လောင်းကစားနှင့်ချိတ်ဆက်နေသည့် ပြဿနာများကို ကာလရှည်ကြာ ဖြေရှင်းနေရဆဲဖြစ်သည်။ အဆိုပါ မသမာမှုများကို တရုတ်ဘောလုံးအဖွဲ့ချုပ်ကအရေးယူခဲ့သည့် မှတ်တမ်းများအရ အသင်းတာဝန် ရှိသူများနှင့် ကစားသမားအများအပြားကို ဘောလုံးကစားခွင့်နှင့် ဘောလုံး၌ပါဝင်ပတ်သက်ခွင့် တစ် သက်တာပိတ်ပင်ခြင်းအပြင် ထောင်ဒဏ်ချမှတ်မှုများလည်းပါဝင်ခဲ့သည်။



