ဗြိတိန် လွှတ်တော်အမတ် အချို့အပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တရုတ်နိုင်ငံက ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကီရာစတမ်မာက ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ဗြိတိန်လွှတ်တော်အမတ်များအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများအား တရုတ်အစိုးရက ပြန်လည်ရုပ်သိမ်းပေးမည့်သတင်းကိုဗြိတိန်ဝန်ကြီးချုပ်ကီရာစတမ်မာကလေးရက်ကြာတရုတ်ခရီးစဉ်အတွင်း ကြေညာခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်လွှတ်တော်အမတ်များအပေါ် ချမှတ်ထားသော သတ်မှတ်ချက်များကို ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ရာ အဆိုပါလွှတ်တော်အမတ်များအနေဖြင့် တရုတ်နိုင်ငံသို့ လွတ်လွတ်လပ်လပ်လာရောက်နိုင်မည်ဟူ၍ တရုတ်သမ္မတရှီကျင်ပင်းက မိမိကို အသိပေးထားကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ရှင်ကျန်းဒေသ လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ သတင်းမှားများဖြန့်နေသည်ဟူသော စွပ်စွဲချက်ဖြင့် တရုတ်အစိုးရသည် ၂၀၂၁ ခုနှစ်တွင်ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ဟောင်း အီယန်ဒန်ကန်စမစ် အပါအဝင်ဗြိတိန်လွှတ်တော်အမတ်ကိုးဦးကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ဗြိတိန်ဝန်ကြီးချုပ် ကီရာစတမ်မာသည် ရှစ်နှစ်တာကာလအတွင်းတရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည့် ဗြိတိန်ခေါင်းဆောင်ဖြစ်သည်။
အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ ခန့်မှန်းရခက်ခဲသော မူဝါဒများကြောင့် အနောက်အုပ်စုနိုင်ငံများမှ ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးပုံစံများကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေကြချိန်တွင် ဗြိတိန်ဝန်ကြီးကီရာစတမ်မာ တရုတ်နိုင်ငံ၌ လေးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။ 


