ထိုင်းနိုင်ငံဟာ တိမ်တွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကနေ စိမ်းလန်းတဲ့ သစ်တောတွေ၊ ရေတံခွန်တွေနဲ့ ပင်လယ်ကမ်းခြေ အလှအပတွေအထိ ပိုင်ဆိုင်ထားတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သဘာဝအလှတရားတွေကို ခံစားချင်သူတွေအတွက် ထိုင်းနိုင်ငံရဲ့ ဒေသ ၅ ခုက ထင်ရှားတဲ့ အမျိုးသားဥယျာဉ် ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။မြောက်ဘက်ပိုင်း ချင်းမိုင် မှာရှိတဲ့ ဒွယ်အင်သနွန် အမျိုးသားဥယျာဉ် ဟာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ် ဖြစ်ပြီး ရာသီဥတုအေးမြတဲ့အတွက် "The Roof of Thailand" လို့ တင်စားခေါ်ဝေါ်ကြသလို အရှေ့ဘက်ပိုင်း Trat ခရိုင်မှာတော့ ကျွန်းပေါင်း ၄၀ ကျော်ရှိတဲ့ Mu Ko Chang အမျိုးသားဥယျာဉ်ရှိပြီး ရေငုပ်တာနဲ့ ကမ်းခြေအပန်းဖြေတာတွေ ပြုလုပ်နိုင်ပါတယ်။ အနောက်ဘက်ပိုင်း ကန်ချနဘူရီမှာရှိတဲ့ Erawan အမျိုးသားဥယျာဉ် ကတော့ ၇ ဆင့်ရှိတဲ့ ရေတံခွန်နဲ့ မြစိမ်းရောင် ရေကန်တွေကြောင့် နာမည်ကြီးပြီး လမ်းလျှောက်လေ့လာသူတွေအတွက် အဆင်ပြေစေမယ့် နေရာတစ်ခု ဖြစ်ပါတယ်။အလယ်ပိုင်း Nakhon Ratchasima မှာရှိတဲ့ Khao Yai အမျိုးသားဥယျာဉ် ကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ပြီး ဆင်ရိုင်းတွေ၊ ပြောင်တွေနဲ့ ငှက်တွေကို လေ့လာနိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားရာ နေရာဖြစ်ပါတယ်။ တောင်ဘက်ပိုင်း Krabi မှာရှိတဲ့ Hat Noppharat Thara–Mu Ko Phi Phi အမျိုးသားဥယျာဉ် ကတော့ ကမ္ဘာကျော် Maya Bay အပါအဝင် သဲဖြူသောကမ်းခြေတွေနဲ့ ထုံးကျောက်တောင်တွေကြောင့် လူသိများပြီး ရေငုပ်ဝါသနာပါသူတွေအတွက် အထူးသင့်လျော်ပါတယ်။ဒီအမျိုးသားဥယျာဉ် ၅ ခုဟာ ထိုင်းနိုင်ငံရဲ့ မတူညီတဲ့ ဂေဟစနစ်နဲ့ သဘာဝအလှတရားတွေကို ပိုင်ဆိုင်ထားကြပါတယ်။



