ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် မန္တလေးမြို့တို့ကြား ပြေးဆွဲနေသည့် တွဲကားများအပါအဝင် ကုန်တင်ယာဥ်ကြီးများမှာ လမ်းခရီးအသုံးစရိတ်အဆမတန်မြင့်မားမှုကြောင့် တွက်ခြေမကိုက်သော အခြေအနေများနှင့် ရင်ဆိုင်လာရကြောင်း ယာဥ်ပိုင်ရှင်များထံမှ သိရသည်။အသွားအပြန်ခရီးစဥ်တစ်ခေါက်လျှင် အနည်းဆုံး ရက်ပေါင်း ၃၀ ကြာမြင့်ပြီး လမ်းတစ် လျှောက်ရှိ အဖွဲ့အစည်းပေါင်းများစွာထံသို့ အခွန်အခများပေးဆောင်ရခြင်းကြောင့် အသုံး စရိတ်ကုန်ကျငွေများ ယခင်ထက်ပိုမိုမြင့်မားရခြင်းလည်း ဖြစ်သည်။
နယ်မြေအခြေအနေ မတည်ငြိမ်မှုများကြောင့် ခရီးမိုင်ပေါင်း ရာနှင့်ချီကာ ရှောင်ကွင်းသွားလာရမှုများ ရှိလာသည့်အတွက် ရက်ရှည်ကြာမှုများရှိနေခြင်းလည်း ဖြစ်သည်။ယခင်က အသွားအပြန်ခရီးစဥ်တစ်ခေါက်လျှင် အနည်းဆုံးကျပ် သိန်း ၂၀ ဝန်းကျင်ရလေ့ရှိသော် လည်း လက်ရှိအချိန်တွင် ကျပ် ၂ သိန်းမှ ၅ သိန်းကြားသာ ဝင်ငွေရရှိတော့ကြောင်း ယာဥ်ပိုင်ရှင်များက ဆိုကြသည်။



