မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတားကို ငလျင်ဒဏ်ခံနည်းပညာအသုံးပြုပြီး တည်ဆောက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ဒုဋ္ဌဝတီတံတားကို အသစ်ပြန်လည်တည်ဆောက်ရာမှာ ငလျင်ဒဏ်ခံနိုင်စေဖို့ ERADI QUAKE Bearingနည်းပညာတွေ ထည့်သွင်းအသုံးပြုထားတယ်လို့ ဆိုပါတယ်။ဒုဋ္ဌဝတီတံတား ပြန်လည်ဆောက်နေမှုကို ဇန်နဝါရီ၃၀ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒီတံတားဟာ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ အရေးပါတဲ့တံတားဖြစ်တဲ့အတွက် အသွား/အပြန် တံတားနှစ်စင်းရှိတဲ့အထဲက တစ်စင်းကို ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။မန္တလေးငလျင်ကြီးဒဏ်ကြောင့် လမ်းပိုင်းနဲ့ တံတားတချို့ပျက်စီးခဲ့တာကြောင့် ပြုပြင်မှုတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တစ်စီးကို ခရီးသည်နဲ့ ကုန်ပစ္စည်း အများဆုံး၂၃တန်အထိသာ ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။



