စင်ကာပူနိုင်ငံက အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Neo Ngou Moy ဆိုသူ အမျိုးသမီးကြီးဟာ အလှကုန်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံရင် အကျိုးအမြတ်အများကြီးရမယ်ဆိုပြီး လူ ၁၂ ဦးထံကနေ စင်ကာပူဒေါ်လာ ၂ သိန်းခွဲနီးပါး (S$249,994) လိမ်လည်ခဲ့တဲ့အတွက် ထောင်ဒဏ် ၆၆ လ (၅ နှစ်ခွဲ) ချမှတ်ခံလိုက်ရပါတယ်။ ဒီအမျိုးသမီးဟာ အရင်ကလည်း အလားတူ လိမ်လည်မှုတွေနဲ့ ထောင်ကျဖူးသူဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ "မပြုပြင်နိုင်တဲ့ လိမ်လည်သူ" အဖြစ် တရားရုံးက သတ်မှတ်လိုက်တာပါ။စုစုပေါင်း လိမ်လည်ခံရသူ ၁၂ ဦးရှိပြီး အချို့ကို အမြတ်ငွေအဖြစ် ပြန်ပေးခဲ့တာတွေ နုတ်လိုက်ရင်တောင် လူပေါင်းများစွာဟာ စုစုပေါင်း ဒေါ်လာ ၁ သိန်းခွဲကျော် ဆုံးရှုံးသွားခဲ့ရပါတယ်။ Neo ဟာ ၂၀၁၇ ခုနှစ်ကလည်း အလားတူ အလှကုန်ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်ပြီး လူ ၉ ဦးဆီကနေ ဒေါ်လာ ၂ သိန်း ၈ သောင်းကျော် လိမ်ခဲ့လို့ ထောင်ဒဏ် ၃၂ လ ကျခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။



