ထိုင်း FDA က တရားဝင် မှတ်ပုံတင်စာရင်းမှာ မပါဝင်ဘဲ အခြားပစ္စည်းရဲ့ မှတ်ပုံတင်နံပါတ်ကို အသုံးပြုထားတဲ့ နာမည်ကြီး ရှူဆေးတစ်မျိုးနဲ့ ပတ်သက်ပြီး (ဇန်နဝါရီ ၂၉ ရက်) မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။စားသုံးသူတစ်ဦးရဲ့ တိုင်ကြားချက်အရ စစ်ဆေးရာမှာ Chang Thai (ထိုင်းဆင်) တံဆိပ် ၂ ဂရမ် အလေးချိန်ရှိတဲ့ ရှူဆေးဘူးမှာ မှတ်ပုံတင်နံပါတ် G508/68 ကို ဖော်ပြထားပြီး ကုန်ထုတ်လုပ်တဲ့ရက်နဲ့ သက်တမ်းကုန်ဆုံးရက်တွေကိုပါ ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် FDA က စစ်ဆေးကြည့်တဲ့အခါမှာတော့ အဲဒီ နံပါတ်နဲ့ ဒီရှူဆေးကို အသိအမှတ်ပြုထားတဲ့ မှတ်တမ်း မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။Facebook စာမျက်နှာတွေမှာတော့ ဒီရှူဆေးဟာ မူးဝေတာ၊ မောပန်းတာတွေကို သက်သာစေပြီး လန်းဆန်းစေတယ်လို့ ကြော်ငြာထားပေမယ့် တကယ်တမ်းမှာတော့ ဖော်ပြထားတဲ့ မှတ်ပုံတင်နံပါတ် G508/68 ဟာ အခြားထုတ်ကုန်တစ်ခုရဲ့ နံပါတ်သာ ဖြစ်နေပါတယ်။ ဒါ့အပြင် တရားဝင် ဆေးဝါးကြော်ငြာခွင့် လိုင်စင်နံပါတ်လည်း မရှိတာကြောင့် တရားဝင်မှုအပေါ် စိုးရိမ်စရာ ဖြစ်နေပါတယ်။ဒါကြောင့် ဒီထုတ်ကုန်ဟာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီနိုင်တဲ့အတွက် ဝယ်ယူသုံးစွဲရာမှာ သတိထားကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ FDA အနေနဲ့ ခွင့်ပြုချက်မရှိဘဲ ရောင်းချတာနဲ့ ကြော်ငြာတာတွေ လုပ်ဆောင်နေသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး စားသုံးသူတွေအနေနဲ့ သံသယရှိပါက FDA ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ ဆိုပါတယ်။



