မြန်မာနိုင်ငံရဲ့ အရှေ့မြောက် နယ်စပ်တလျှောက်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာဖီးယား မိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ကွပ်မျက်ခံရတဲ့ မြီ မိသားစုဝင်တွေဟာ လူသတ်မှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု၊ လိမ်လည်မှု၊ လောင်းကစားလုပ်ငန်း လုပ်ကိုင်မှုတို့ အပါအဝင် ရာဇဝတ်မှု အမျိုးမျိုးနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တရုတ်မှာ ရုံးတင် စစ်ဆေးခံခဲ့ရတာပါ။မြီ မိသားစုဟာ လောက်ကိုင်မြို့ကို ကာစီနိုလုပ်ငန်း စုရပ် ပြည့်တန်ဆာလုပ်ငန်း စုရပ်အဖြစ် ပြောင်းလဲ ပစ်ခဲ့တဲ့ မျိုးနွယ်စုတွေထဲက တစ်စု ဖြစ်ပါတယ်။သူတို့ရဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ၂၀၂၃ ခုနှစ်မှာ နှိမ်နှင်းခံရပြီး မြန်မာ တိုင်းရင်းသား လက်နက်ကိုင်တွေက သူတို့ကို ဖမ်းဆီးပြီးတော့ တရုတ်ဆီ လွှဲအပ်ခဲ့တာ ဖြစ်ပါတယ်။အဲဒီလို ကွပ်မျက် သတ်ဖြတ်မှုတွေနဲ့အတူ ဘေဂျင်းအစိုးရက အွန်လိုင်း လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်မယ့် လူတွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။အခုအချိန်မှာ ကျားဖြန့် လုပ်ငန်းတွေဟာ မြန်မာ-ထိုင်း နယ်စပ်နဲ့ တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှု အများကြီး နည်းတဲ့ ကမ္ဘောဒီးယားနဲ့ လာအိုသို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ အလုပ်စေခိုင်းဖို့ နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ပြန်ပေးဆွဲ ခေါ်ယူမှုတွေ ရှိနေပါတယ်။တရုတ်နိုင်ငံသား အများစု လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေကို အဓိက လိမ်လည်နေတာ ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။



