ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးကို သတ္တမအကြိမ် မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ဖို့အတွက် လုပ်ငန်းတင်ဒါခေါ်ယူကြောင်း ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က နိုင်ငံပိုင်သတင်းစာတွေကနေ ဇန်နဝါရီ(၂၉)ရက်မှာ အသိပေးကြေညာထားပါတယ်။စေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ဖို့ ရွှေဆေးတင်ဒါအတွက် လျှောက်လွှာတွေကို ဇန်နဝါရီလ(၂၈)ရက်ကနေ စတင်ရောင်းချပေးနေပြီး လျှောက်လွှာတွေကို ဖေဖော်ဝါရီလ(၅)ရက်နေ့မှာ နောက် ဆုံးထားတင်သွင်းရမှာဖြစ်ကာ ဖေဖေါ်ဝါရီ(၇)ရက်မှာတော့ တင်ဒါကို ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်အရသိရပါတယ်။ဒါ့အပြင် ရွှေဆေးတင်ဒါလုပ်ငန်းကို လုပ်အားလက်ခစားနဲ့ ဆောင်ရွက်မှာဖြစ်သလို ရွှေဆေးကပ်မယ့် ဧရိယာ (၆၀၀)ကျင်းအနက် တစ်ဖွဲ့ကို ကျင်း(၁၅၀)နှုန်းနဲ့ အဖွဲ့(၄) ဖွဲ့ကို တင်ဒါချပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။တင်ဒါတင်သွင်းလိုသူတွေအနေနဲ့ လျှောက်လွှာတွေကို ဂေါပကအဖွဲ့ရုံးမှာ ဝယ်ယူနိုင်ပြီး သိလိုတာတွေရှိရင်လည်း ဖုန်းနံပါတ်(၀၉- ၄၂၁ ၃၃ ၂၂ ၃၆ ) နဲ့ (၀၉- ၄၂၁ ၃၃ ၂၂ ၃၇ ) တို့ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင် တယ်လို့ သိရပါတယ်။



