ရှမ်းပြည်နယ် ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ပင်ခါးရှည်ကျေးရွာ၌ တန် ၂၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံ ဖွင့်လှစ်ခဲ့တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရပါတယ်။အဆိုပါ မျိုးအာလူး အအေးခန်း သိုလှောင်ရုံကို Myanmar United Farmers Agricultural Co., Ltd ဟဲဟိုး အာလူးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဇန်နဝါရီ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသတွင်း အာလူးစိုက်တောင်သူများ၏ မျိုးအာလူး လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရန်နှင့် အာလူးစိုက်ပျိုးရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ရှမ်းပြည်နယ်အတွင်း မျိုးအာလူးများ အရည်အသွေး ကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မျိုးအာလူး အအေးခန်းသိုလှောင်ရုံများအဖြစ် နောင်တရားမြို့တွင် တန် ၂၀၀၀ ဆံ့၊ ဟဲဟိုးမြို့တွင် တန် ၁၀၀၀ ဆံ့၊ အောက်ပန်းမြို့တွင် တန် ၁၃၀၀ ဆံ့၊ ပင်းတယမြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တန် ၈၅၀ ဆံ့ နှင့် ယခုထပ်မံဖွင့်လှစ်ခဲ့တဲ့ ကလောမြို့နယ် ညောင်ပင်ခါးရှည် ကျေးရွာတွင် တန် ၂၀၀၀ ဆံ့တို့ကို ဖွင့်လှစ်ထားပြီး ဖြစ်တဲ့အတွက် စုစုပေါင်း မျိုးအာလူး တန် ၇၁၀၀ ကျော် သိုလှောင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။



