မြန်မာပြည်ဖွား၊ ကချင်တိုင်းရင်းသူဘောလုံးသမား ဘောင်လွန်းဂလော (Bawn Lung Galau) ဟာ ဥရောပနိုင်ငံဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံ လီဂါ-၂ကလပ် FC Rapid Feminin မှာ ခြေစွမ်းပြကစားနေပါတယ်။ သတင်းအချက်အလက်တွေအရ အသက်(၂၁)နှစ်အရွယ်၊ ကွင်းလယ်ကစားသမား ဘောင်လွန်းဂလော ဟာ FC Rapid Feminin အသင်းအတွက် ဒီရာသီမှာ ပွဲတိုင်းနီးပါး ပွဲထွက်ခွင့်ရနေပြီး အသင်းကို တန်းတက်နိုင်အောင် ကူညီစွမ်းဆောင်ပေးနေပါတယ်။ ဘောင်လွန်းဂလော ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဒိန်းမတ်ကလပ် Hvalsø IF အသင်းနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ရိုမေးနီးယားကလပ် Carmen București Women အသင်းကို ပြောင်းရွှေ့ခဲ့ကာ ၂၀၂၃ မှာ ရိုမေးနီးယားလီဂါ-၁ကလပ် Gloria Bistrița Women အသင်းကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ နှစ်ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ရရှိတဲ့ သတင်းအချက်အလက်တွေအရတော့ ဘောင်လွန်းဂလောဟာ ၂၀၂၅၊ ဇူလိုင်လမှာ FC Rapid Feminin အသင်းကို တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေတယ်လို့ သိရပါတယ်။ ဘောင်လွန်းဂလော ပါဝင်ကစားနေတဲ့ FC Rapid Feminin အသင်းဟာ လီဂါ-၂အမှတ်ပေးဇယား အဆင့်(၂) နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ လီဂါ-၁ကို တန်းတက်ကစားနိုင်ဖို့ အလားအလာကောင်းနေပါတယ်။ 
Jan 29 • 7:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


