ချွန်ဘူရီ မှာ အလုပ်လုပ်ခွင့်လက်မှတ်မရှိပဲ ဆောက်လုပ်ရေးအလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။၂၀၂၆ ဇန်နဝါရီ ၂၈ ရက်က ချွန်ဘူရီပြည်နယ် အလုပ်အကိုင်အေဂျင်စီ က အရာရှိတွေဟာ ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ကို စီးနင်းဝင်ရောက်ခဲ့ပြီး နိုင်ငံခြားသားလုပ်သား ၈၁ ဦးအား စစ်ဆေးခဲ့ရာ ကနေ ဥပဒေမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဘိုဝင်းစက်မှုဇုန်အတွင်းရှိ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို နိုင်ငံခြားသားအလုပ်သမား တွေ တရားမဝင် ခန့်ထားတယ်လို့ တိုင်ကြားချက်အရ ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရုံးက စုံစမ်းချက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။စုံစမ်းစစ်ဆေးမှုအရအမျိုးသား ၂၀၊ အမျိုးသမီး ၇ စုစုပေါင်း မြန်မာနိုင်ငံသား ၂၇ ဦး ဟာ အလုပ်လုပ်ကိုင်ခွင့် မရှိဘဲ ဥပဒေချိုးဖောက် အလုပ်လုပ်ကိုင်နေတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီအတွက် သူတို့ကို နိုင်ငံခြားသားလုပ်သားများ စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုဖို့ ဘိုဝင်ရဲစခန်း ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရုံးက အလုပ်အကိုင်များကို တရားဝင် လုပ်ကိုင်စေ ဖို့ နဲ့ ထိုင်းလုပ်သား တွေ အပေါ် ဆိုးကျိုးသက်ရောက်မှု မရှိစေဖို့အတွက် ဒေသတွင်း တရားမဝင် နိုင်ငံခြားသားလုပ်သား တွေကို တင်းကျပ်စွာ ထိန်းချုပ်နှိမ်နင်းသွားမှာ ဖြစ်တယ်လို့စုံစမ်းရေးအဖွဲ့က အတည်ပြုပြောကြားထားပါတယ်။


