ONE Friday Fights 140 ပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ သွေးလင်းထက်နဲ့ ဆွန်ရက်တို့ ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး သွေးလင်းထက်က ခေါင်ပွဲ၊ ဆွန်ရက်က ဒုခေါင်ပွဲ ထိုးသတ်ကြမှာဖြစ်ပါတယ်။ONE Friday Fights 140 ပြိုင်ပွဲကို ဇန်နဝါရီ (၃၀) ရက်၊ သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း (၁၄) ဆိုင်းအထိ ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာဖိုက်တာနှစ်ဦးက နောက်ဆုံးတွဲဆိုင်းတွေရောက်မှ ထိုးသတ်ကြရမှာဖြစ်ပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့သမား သွေးလင်းထက်ဟာ ထိုင်းဖိုက်တာ ကောင်ချိုင်းချိုင်နိုင်ဒေါင်မောင်နဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။ သွေးလင်းထက်ဟာ ONE Championship မှာ (၇) ပွဲထိုးသတ်ထားပြီး (၅) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ထားပါတယ်။
သွေးလင်းထက်အနိုင်ရခဲ့တဲ့ (၅) ပွဲမှာ အလဲထိုးနိုင်ပွဲ (၃) ပွဲအထိ ပါဝင်နေပါတယ်။ သွေးလင်းထက်ဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာအတွင်းက ထိုင်းနာမည်ကြီး မွေထိုင်းဖိုက်တာ ဆမ်အေနဲ့ ထိုးသတ်ခဲ့ရာမှာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲ့ဒီပွဲမတိုင်ခင် သွေးလင်းထက်ဟာ ONE Championship မှာ (၄) ပွဲဆက်အနိုင်ရထားခဲ့ပါတယ်။
သွေးလင်းထက်အနိုင်ရထားတဲ့ဖိုက်တာတွေထဲမှာ ထိုင်းနာမည်ကြီး မွေထိုင်းဖိုက်တာတွေဖြစ်တဲ့ ဖလက်ပန်တမ်၊ ရော့ကီ၊ ပီကေဆန်ချိုင်းတို့ ပါဝင်နေပါတယ်။
သွေးလင်းထက်နဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ကောင်ချိုင်းဟာ ONE Championship မှာ (၁၅) ပွဲထိုး၊ (၉) ပွဲနိုင်၊ (၆) ပွဲရှုံးနိမ့်ထားပါတယ်။ ကောင်ချိုင်းအနိုင်ရထားတဲ့ ပွဲတွေထဲမှာ အလဲထိုးနိုင်ပွဲ (၂) ပွဲသာ ပါဝင်နေပါတယ်။ ကောင်ချိုင်းဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာအတွင်းက ဘရာဇီးဖိုက်တာနဲ့ ထိုးသတ်ခဲ့ရာ အမှတ်နဲ့ အနိုင်ရထားပါတယ်။မြန်မာဖိုက်တာ ဆွန်ရက်က ထိုင်းဖိုက်တာ ဘူခီယိုနဲ့ ဒုခေါင်တွဲဆိုင်းအဖြစ် ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။
ဆွန်ရက်ဟာ ONE Championship မှာ (၁၄) ပွဲထိုးသတ်ထားပြီး (၈) ပွဲနိုင်၊ (၆) ပွဲရှုံးနိမ့်ထားပါတယ်။ ဆွန်ရက်ဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအတွင်းက ထိုင်းဖိုက်တာ ပီကေဆန်ချိုင်းနဲ့ ထိုးသတ်ခဲ့ပြီး ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ရထားပါတယ်။ ဆွန်ရက်နဲ့ထိုးသတ်မယ့် ထိုင်းဖိုက်တာ ဘူခီယိုဟာ ONE Championship မှာ (၈) ပွဲထိုး၊ (၆) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ထားပါတယ်။ ဘူခီယိုဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာထဲမှာ ထိုင်းဖိုက်တာနဲ့ ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အနိုင်ရထားပါတယ်။



