မွန်ပြည်နယ်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ရန်ကုန်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တချို့နဲ့ နှိုင်းယှဉ်ရင် အမြင့်ဆုံးဈေးတန်းမှာရှိနေတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။အဲဒီကော်မတီရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေမှာ 92 ဓာတ်ဆီ တစ်လီတာကို ကျပ် ၂,၆၂၅ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာကို ကျပ် ၂,၆၆၅ ကျပ်၊ ဒီဇယ်ဆီတွေကိုတော့ ကျပ် ၂,၉၀၀ ကျော် ဈေးနှုန်း သတ်မှတ်ထားပါတယ်။အခုသတ်မှတ်ဈေးနှုန်းဟာ ရန်ကုန်၊ မန္တလေး၊ပဲခူး၊နေပြည်တော်၊ ဘားအံ၊ ထားဝယ်၊ ပုသိမ်၊ မုံရွာတို့နဲ့ နှိုင်းယှဉ်ရင် တစ်လီတာကို ကျပ် ၃၀၀ ကျော်အထိ ဈေးနှုန်းကြီးမြင့်နေတာ ဖြစ်ပါတယ်။စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီဈေးနှုန်း အမြင့်တန်းမှာ ရှိနေတာဟာ မုဒုံက ဝင်တဲ့ စက်သုံးဆီတွေကို ဒေါ်လာ မရောင်းပေးတာ၊ သင်္ဘောကြီးတွေ တိုက်ရိုက်ဝင်လို့မရတဲ့ အတွက်ကြောင့်လို့ ပြောပါတယ်။



