Johor က တောမီးကြောင့် စင်ကာပူအရှေ့ပိုင်းမှာ လေထုညစ်ညမ်းမှု အန္တရာယ်ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၇ ရက်က MustShareNews သတင်းဌာနရဲ့ ဖော်ပြချက်အရ စင်ကာပူ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (NEA) ဟာ နိုင်ငံအတွင်းမှာ ရရှိနေတဲ့ မီးခိုးညှော်နံ့တွေနဲ့ ပတ်သက်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ စင်ကာပူရဲ့ မြောက်ဘက် မလေးရှားနိုင်ငံ Johor ပြည်နယ်က Pengerang နဲ့ Punggai ဒေသတွေမှာ တောမီးတွေ ဆက်တိုက်လောင်ကျွမ်းနေတာကြောင့် အဲဒီက ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ လေတိုက်နှုန်းနဲ့အတူ စင်ကာပူဘက်ကို လွင့်စင်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် Punggai နားမှာရှိတဲ့ သစ်တောတွေ မီးလောင်ကျွမ်းမှုဟာ ဧရိယာ ၁၂ ဟက်တာကျော်အထိ ကျယ်ပြန့်လာနေပြီး ရေအရင်းအမြစ် အခက်အခဲကြောင့် မီးငြှိမ်းသတ်ဖို့တောင် ခက်ခဲနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် ညပိုင်းမှာ စင်ကာပူရဲ့ လေထုညစ်ညမ်းမှုညွှန်းကိန်း (PSI) ဟာ ၄၃ ကနေ ၅၆ အတွင်းမှာပဲ ရှိနေပြီး အခြေအနေ ကောင်းမွန်တယ်လို့ NEA က ဆိုပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒေသခံတွေက မီးခိုးနံ့ကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ တချို့ လေထုအရည်အသွေး တိုင်းတာတဲ့ စနစ်တွေ (AQI) မှာဆိုရင် အညွှန်းကိန်းဟာ ၁၆၅ အထိတောင် မြင့်တက်သွားပြီး "ကျန်းမာရေးအတွက် မကောင်းတဲ့အဆင့်" (Unhealthy) ကို ရောက်ရှိခဲ့ပါတယ်။
အထူးသဖြင့် စင်ကာပူ အရှေ့တောင်ဘက် ဒေသတွေမှာ ဒီအခြေအနေကို ပိုပြီး သိသိသာသာ ခံစားနေရတာ ဖြစ်ပါတယ်။ ဒေသခံအတော်များများကတော့ ဒီမီးခိုးနံ့တွေ ရနေတာ တစ်ပတ်လောက် ရှိနေပြီလို့ ဆိုကြပါတယ်။ Sembawang Road နဲ့ အရှေ့ဘက်ခြမ်းမှာ နေထိုင်သူတွေဟာ မီးခိုးနံ့ကြောင့် ဖျားနာတာ၊ နေမကောင်းဖြစ်တာတွေ ရှိလာတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားနေကြပါတယ်။လောလောဆယ်မှာတော့ ကျန်းမာရေးဝန်ကြီးဌာန (MOH) က ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်တယ်လို့ ဆိုထားပေမဲ့ မီးခိုးနံ့ ပြင်းထန်တဲ့အချိန်တွေမှာ အိမ်ထဲမှာပဲ နေထိုင်ကြဖို့နဲ့ အပြင်ထွက်ရင်လည်း သတိထားကြဖို့ လိုအပ်နေပါပြီ။ NEA အနေနဲ့လည်း ဒီအခြေအနေကို ဆက်လက် စောင့်ကြည့်ပြီး သတိပေးချက်တွေ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။အခုလို မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းနေတဲ့အချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းထားပြီး မီးခိုးနံ့ ပြင်းထန်တဲ့ အချိန်တွေမှာ အိမ်တွင်းလေထု သန့်စင်စက် (Air Purifier) ဖွင့်ထားတာနဲ့ အပြင်ထွက်ရင် Mask တပ်ဆင်တာက ကျန်းမာရေး ထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။


