ယခုနောက်ပိုင်းတွင် လခစားအလုပ်ထက် တစ်ပိုင်တစ်နိုင်အသေးစားလုပ်ငန်းများအတွင်း ပြောင်းရွှေ့လုပ်ကိုင်သူများရှိလာပြီး ဆင်ခြေဖုံးမြို့နယ်များ၌ ပိုမိုများလာကြောင်း သိရသည်။နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် လူနေထိုင်မှုကုန်ကျစရိတ်အလွန်မြင့်မားလာခြင်း၊ လခစားအလုပ်များ၌ လုပ်ခလစာလျော့နည်းနေခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်း အစရှိသည့် အအခြေအနေများကြောင့် လခစားအလုပ်သမားအများစုမှာ ဝင်ငွေနှင့်ထွက်ငွေမမျှတသည့်ကိစ္စရပ်များနှင့်ရင်ဆိုင်လာရသည်။ ထို့ကြောင့် ပုံမှန်ဝင်ငွေရရှိအောင် အခွင့်အလမ်းများစွာရရှိသည့် အသေးစားလုပ်ငန်းများသို့ ပိုမိုရွေးချယ်ကာ ပြောင်းလဲလုပ်ကိုင်လာကြခြင်း ဖြစ်သည်။ အခုနောက်ပိုင်း ဝန်ထမ်းအလုပ်တွေက အဆင်မပြေဘူး။ တွက်ချေမကိုက်တာများတယ်။ လူပင်ပန်းပြီး ဘာမှမကျန်တော့လည်း မလုပ်ချင်တော့ဘူး။ အခု သူငယ်ချင်းတစ်ယောက်နဲ့အတူ ဘေထုပ်အထည်တွေ အထုပ်ဖောက်ပြီး ရောင်းနေတယ်။ အစပိုင်းသိပ်နားမလည်တော့ ရှုံးတာတွေတော့ရှိတယ်။ အခုနောက်ပိုင်း မဆိုးဘူးပြောရမယ်။ တဖြည်းဖြည်းနဲ့ အရှိန်ရလာရင်တော့ ပိုအဆင်ပြေလာနိုင်တယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုတော့ ကြိုက်တဲ့ချိန်နားလို့ရသလို ကြိုက်တဲ့အချိန်ထလုပ်လို့ရတယ်။ ကိုယ်အတွက် နောက်ထပ်လေ့လာစရာတွေလည်း လေ့လာဖို့ အချိန်အများကြီးလည်းရတယ်” ဟု ကမာရွတ်မြို့နယ်အတွင်း နေထိုင်သူလူငယ်တစ်ဦးက ဆိုသည်။ယခုကာလတွင် လူငယ်များအတွင်း ကိုယ်ပိုင်အသေးစားလုပ်ငန်းအဖြစ်အထည်များရောင်းလာခြင်း၊ အစားအသောက်များရောင်းခြင်း၊ Handmade ပစ္စည်းများရောင်းခြင်း၊ ပန်းစည်းများရောင်းခြင်း အစရှိသည့် တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်အသေးစားလုပ်ငန်းများကို လခစားအလုပ်များထက် တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာသလို အသေးစား ဘာဘယ်တီးဆိုင်များ၊ အကင်ဆိုင်များ၊ အအေးဖျော်ရည်ဆိုင်များ အစရှိသည့် လူငယ်များကြိုက်တတ်သည့် အစားအသောက်များကိုလည်း ပိုမိုရောင်းချမှုများရှိလာကြောင်း သိရသည်။



