အိန္ဒိယနိုင်ငံ၊ နန်ပေါင်မြို့၌ ကျင်းပသည့် ပန်ဆောင်ပတ်စ် အပြည်ပြည်ဆိုင်ရာပွဲတော် (PPIF) ကာလအတွင်း မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂပြည်သူများက အဆိုပါပွဲတော်သို့ သွားရောက်ဆင်နွှဲခြင်းမပြုဘဲ ‘နယ်စပ်ခြံစည်းရိုး အလိုမရှိ’ ဟူသည့် လှုပ်ရှားမှုကို ပန်ဆောင်နယ်စပ်ဈေးတွင် ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့၌ ပြုလုပ်ခဲ့ ကြခြင်း ဖြစ်သည်။အိန္ဒိယအစိုးရဘက်မှ ဆန္ဒပြပိုစတာများကို ဖြုတ်ချခြင်းများ ရှိခဲ့သော်လည်း နာဂပြည်သူများက နည်းမျိုးစုံဖြင့် ဆက်လက် ကန့်ကွက်ခဲ့ကြရာ အဆိုပါလှုပ်ရှားမှုကြောင့် ခရီးသွားများနှင့် သတင်းမီဒီယာများအကြား စိတ်ဝင်စား မှု မြင့်တက်ခဲ့ပြီး အိန္ဒိယဗဟိုအစိုးရအထိ သတင်းရောက်ရှိသွားခဲ့သည်။ဇန်နဝါရီလ ၂၁ ရက်နေ့တွင် UTNC ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ နန်ပေါင်မြို့ Assam Rifles တပ်ခွဲမှူးတို့ တွေ့ဆုံခဲ့ရာ၌ PPIF ပွဲတော်ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် သွားလာခြင်း (FMR) ကို ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး အစိုးရချင်း ညှိနှိုင်းပြီးမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု အိန္ဒိယဘက်က အကြောင်းပြန်ခဲ့သည်။



