တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) မြို့တော်အဘူဒါဘီတို့ကြား တရုတ်လေကြောင်းလိုင်းတစ်ခုမှ ပြေးဆွဲသော ပထမဆုံး တိုက်ရိုက်ချိတ်ဆက်မှုအဖြစ် အဆိုပါမြို့တော်နှစ်ခုအကြား တိုက်ရိုက်လေကြောင်းခရီးစဉ် လမ်းကြောင်းကို စတင်ပျံသန်းလိုက်ပြီဖြစ်သည်။
Air China လေကြောင်းလိုင်းမှ ပြေးဆွဲပြီး ခရီးသည် ၂၇၈ ဦး တင်ဆောင်လာသော အဆိုပါပထမဆုံးလေကြောင်းခရီးစဉ်သည် အဘူဒါဘီရှိ Zayed အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၂၄ ရက်ညနှောင်းပိုင်းတွင် ဆင်းသက်ခဲ့သည်။ ဘိုးအင်း ၇၈၇ လေယာဉ်ဖြင့် သီတင်းပတ်တစ်ပတ်လျှင် အသွားအပြန်ခရီးစဉ် လေးကြိမ် ပျံသန်းမည့် အဆိုပါလမ်းကြောင်းသည် Air China လေကြောင်းလိုင်း၏ ၂၀၂၆ ခုနှစ်တွင် ပထမဆုံး စတင်ပြေးဆွဲသည့် နိုင်ငံတကာဝန်ဆောင်မှုဖြစ်သည်။အဆိုပါလမ်းကြောင်းစတင်ပြေးဆွဲခြင်းသည် တရုတ်နိုင်ငံနှင့် ယူအေအီးနိုင်ငံအကြား လေကြောင်းကွန်ရက်ကို ပိုမိုမြှင့်တင်ပေးပြီး နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ဖလှယ်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးတို့အတွက် ပိုမိုထိရောက်၊ အဆင်ပြေသော လေကြောင်းခရီးစဉ် လမ်းကြောင်းကို ပံ့ပိုးပေးသည်။


