မန္တလေးသားငါးဈေးကွက်အတွင်း ဆိတ်သားဈေးနှုန်းများမှာ ယခုရက်ပိုင်းအတွင်း တရှိန်ထိုးမြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။နယ်မြေအခြေအနေအပါအဝင် မန္တလေးမြို့အနီးဝန်းကျင်ဒေသများတွင် ဆိတ်မွေးမြူရေးခြံများလျော့နည်းကျဆင်းလာခြင်းနှင့် ဝယ်ယူသယ်ဆောင်ရခက်ခဲမှုများကြောင့် ဆိတ်အရှင်ရှားပါးမှုနှင့် ရင်ဆိုင်ခဲ့ကြရသလို ဆိတ်သားဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်။လတ်တလောတွင် ဆိတ်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင်ငွေ ၇၅,၀၀၀ ကျပ် ဝန်းကျင်အထိရောက်ရှိနေကြောင်း သိရသည်။ဆိတ်မွေးမြူရေးလုပ်ငန်းများအဓိကလုပ်ကိုင်ပြီး မန္တလေးဈေးကွက်အတွင်းတင်ပို့ရောင်းချလေ့ရှိသော မတ္တရာနှင့် မကွေးတိုင်းဒေသကြီး မြောက်ပိုင်းမှမြို့နယ်များတွင် နယ်မြေအခြေအနေတည်ငြိမ်မှုမရှိခြင်းကြောင့်လည်း ရာနှင့်ချီသောဆိတ်မွေးမြူရေးခြံများမှာ လုပ်ငန်းရပ်ဆိုင်းမှုများရှိနေကြောင်း ဒေသခံများက ဆိုကြသည်။



