မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်းတွင် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်း၊ G.10၊ G.11၊ G.12 အတန်းများ မဆင်းခင်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းပိုင်ရှင်က ယင်း G.6 ကျောင်းသားငယ်ကို ဆံပင်ဆွဲကာ ဘယ်ပြန်ညာပြန် ပါးရိုက်ခြင်း (ဂျပန်ပါးရိုက်ပုံစံ) ကို အနည်းဆုံး ၆ ချက်မှ ၁၀ ချက်အထိ ရိုက်နက်ခဲ့သည်ဟု ဆိုသည်။လက်ရှိတွင် ရိုက်နက်ခံရသည့် ကျောင်းသားငယ်သည် ရိုက်နှက်မှုကြောင့် မခံနိုင်ဘဲ လဲကျသွားသော်လည်း ခြေထောက်ဖြင့် ဆက်လက်ကန်ခဲ့ကြောင်းနှင့် လူမောပန်းသွားမှသာ ဆဲဆိုကာ အခန်းအတွင်း ပြန်ဝင်သွားခဲ့ကြောင်း အနီးကပ်မြင်တွေ့သူများက ပြောဆိုထားသည်။
ဖြစ်စဉ်၏ အကြောင်းရင်းမှာ G.1၊ G.2 ကလေးများ ညနေကျောင်းဆင်းချိန်တွင် ကြိုနေကျနေရာအနီးရှိ မီးသတ်ပိုက်အဝအဖုံး ပြုတ်ထွက်နေခြင်း ဖြစ်သော်လည်း မည်သူလုပ်သည်ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ကျောင်းဝင်းအတွင်းရှိသူများကို အော်ငေါက်ဆဲဆိုပြီး အနီးနားမှ ဖြတ်သန်းလာသော အပြစ်မရှိသည့် G.6 ကျောင်းသားငယ်ကို ရုတ်တရက် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ကျောင်းသားငယ်သည် အတန်းကြီးများ မလွတ်သေးသဖြင့် စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပြီး ဘုမသိ ဘမသိ အကြမ်းဖက်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ယင်းဖြစ်ရပ်မှာ CCTV ကင်မရာအနီးတွင် ဖြစ်ပွားခဲ့သဖြင့် မှတ်တမ်းများ ရှိနိုင်သော်လည်း ကျောင်းပိုင် CCTV ဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများသာ စစ်ဆေးကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။



