ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ထမနဲထိုးပွဲနှင့် ညန်ရိုးမီးပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ မှ သိရသည်။အဆိုပါပွဲကို တပို့တွဲလဆန်း (၁၄)ရက် ဇန်နဝါရီ(၃၁)ရက်မှ တပို့တွဲလပြည့်နေ့ ဖေဖေါ်ဝါရီ(၁)ရက်အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ(၃၁)ရက် မနက်(၇)နာရီတွင် မဟာဗောဓိရင်ပြင်တော်ပေါ်၌ (၂၄)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ရွှေဆံတော်ဝေယျာဝစ္စအဖွဲ့(၆)ဖွဲ့နှင့်ရွှေဆံတော်ဝန်ထမ်းအဖွဲ့(၁)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ဖေဖော်ဝါရီ(၁)ရက် မနက်ပိုင်း အရုဏ်တက်ချိန်တွင် (၁၀၂)ကြိမ်မြောက် ညန်ရိုးမီးပူဇော်ပွဲနှင့် မြတ်စွာဘုရားကို ထမနဲဆွမ်း ကပ်လှူမည်ဖြစ်ပြီး တောင်ဘက်စောင်းတန်းအနီး 'ဝလေးလုံး'စေတီတော်အောက်ဘက်တွင်လည်း မနက်(၄)နာရီအချိန်ကစပြီး ဘုရားဖူးလာပြည်သူများက ညန်ရိုးများ ကိုယ်စီကိုင်ဆောင်ကာ မီးပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။ တပို့တွဲလပြည့်နေ့တွင် ဘုရားဖူးများကို ပုညကရဏ ဓမ္မာရုံရင်ပြင်တော်တွင် စတုဒိသာထမနဲဖြင့်ဧည့်ခံ ကျွေးမွေးမည် ဖြစ်ကြောင်း သိရသည်။



