နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူလိုက်ပါမယ့် လကမ္ဘာခရီးစဉ်အဖြစ် NASA က စီစဉ်ထားတဲ့ Artemis II mission မှာ အများပြည်သူတွေအနေနဲ့ ကိုယ့်နာမည်တွေကို ထည့်သွင်းပေးပို့နိုင်မယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ပေးပို့လိုက်တဲ့ နာမည်တွေကိုတော့ Orion အာကာသယာဉ်ထဲမှာရှိတဲ့ SD card အသေးစားလေးထဲမှာ သိမ်းဆည်းပြီး လကမ္ဘာကို ပတ်ကာ ကမ္ဘာမြေကို ပြန်လည်သယ်ဆောင်လာမှာ ဖြစ်ပါတယ်။ဒီခရီးစဉ်မှာ အမေရိကန် ၃ ဦးနဲ့ ကနေဒါ ၁ ဦး စုစုပေါင်း အာကာသယာဉ်မှူး ၄ ဦး လိုက်ပါသွားမှာဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာစူးစမ်းမှုတွေ လုပ်ဆောင်ဖို့ လကမ္ဘာကို ပတ်သွားမှာ ဖြစ်ပါတယ်။ ၁၀ ရက်ကြာမြင့်မယ့် ဒီခရီးစဉ်ကိုတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနဲ့ ဧပြီလကြားမှာ Florida ရှိ Kennedy Space Center ကနေ လွှတ်တင်သွားဖို့ စီစဉ်ထားပါတယ်။ ဒါဟာ အနာဂတ်မှာ Mars ဂြိုဟ်ကို လူလွှတ်တင်နိုင်ဖို့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။ယာဉ်ကို လွှတ်တင်ပြီးတဲ့အခါ ကမ္ဘာမြေနားမှာ စမ်းသပ်မောင်းနှင်မှုတွေ လုပ်ဆောင်ပြီးမှ လကမ္ဘာဘက်ကို ဦးတည်သွားမှာဖြစ်ပြီး လရဲ့ တစ်ဖက်ခြမ်းကို ပတ်ကာ လူသားတွေ သွားရောက်ဖူးတဲ့ ခရီးအကွာအဝေးထက် ပိုဝေးတဲ့ နေရာအထိ သွားရောက်မှာပါ။ လပေါ်ကို ဆင်းသက်မှာ မဟုတ်ပေမယ့် ယာဉ်ရဲ့ စနစ်တွေနဲ့ အာကာသယာဉ်မှူးတွေရဲ့ လုပ်ဆောင်ချက်တွေကို အဓိက စမ်းသပ်သွားမှာဖြစ်ပြီး ခရီးစဉ်အဆုံးမှာတော့ San Diego ကမ်းလွန် Pacific Ocean ထဲကို ဆင်းသက်မှာ ဖြစ်ပါတယ်။စိတ်ဝင်စားသူတွေအနေနဲ့ NASA website ကနေတဆင့် ကိုယ့်နာမည်နဲ့ PIN နံပါတ်ရိုက်ထည့်ပြီး စာရင်းသွင်းနိုင်သလို အမှတ်တရအနေနဲ့ "Boarding Pass" ကိုပါ download ရယူနိုင်ပါတယ်။ အခုဆိုရင် boarding pass ရယူထားသူ ၃ သန်းနီးပါး ရှိနေပြီဖြစ်ပြီး ဒီသမိုင်းဝင်မှတ်တိုင်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ (https://www3.nasa.gov/send-your-name-with-artemis/) မှာ ဝင်ရောက်စာရင်းသွင်းနိုင်ပါတယ်။



