ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဒေါင်းမြို့တွင် ဒုခရိုင်မှူး အပါအဝင် အစိုးရဝန်ထမ်း ၆ ဦးတို့သည် နိုင်ငံခြားသားများအား တရားမဝင် နိုင်ငံသားအထောက်အထားနှင့် အမြဲတမ်းနေထိုင်ခွင့် (၁၀ နှစ် နေထိုင်ခွင့်ကတ်)များ ထုတ်ပေးမှုဖြင့် အာဏာပိုင်များက ဇန်နဝါရီလ ၂၂ ရက် ယနေ့ ဖမ်းဆီးခဲ့သည်။ ထိုင်းပြည်သူ့အုပ်ချုပ်ရေးဌာနသည် အဖွဲ့အစည်း ၅ ခုဖြင့် ပူးပေါင်းထားသည့် စစ်ဆင်ရေးတခုကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများသည် တရုတ်နိုင်ငံသား ၉ ဦးထက်မနည်းကို ထိုင်းနိုင်ငံသားအဖြစ် တရားမဝင် အထောက်အထားများ၊ အမြဲတမ်းနေထိုင်ခွင့် အခွင့်အရေးများရရှိအောင် အလွဲသုံးစားလုပ်၍ ထုတ်ပေးခြင်း စသည့် အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်နေသည်ဟု စစ်ဆေးတွေ့ရှိကြောင်း ဆိုထားသည်။ အဆိုပါ အစိုးရဝန်ထမ်းများသည် တရုတ် အပါအဝင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံသားတို့အား မွေးစာရင်းလက်မှတ်များ တရားမဝင် ထုတ်ပေးခြင်းဖြင့် ၎င်းတို့ကို တရားဝင် ထိုင်းနိုင်ငံသားဖြစ်လာစေရန် အခွင့်အရေး ဖန်တီးပေးခဲ့သည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။



