ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖာဟွန်ယိုထင် 24 BTS ဘူတာအနီးမှာ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး ဘူတာကနေ ပြုတ်ကျပြီး သေဆုံးသွားတဲ့ဖြစ်ရပ် ဇန်နဝါရီလ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါလူငယ်ဟာ မီးခိုးရောင်လက်ရှည်နဲ့ ဘောင်းဘီတိုအဖြူရောင်ကို ဝတ်ဆင်ထားပြီး အမြင့် မီတာ ၂၀ ခန့်ကနေ လမ်းမပေါ်ကို ပြုတ်ကျခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေက နှလုံးနှိုးစက်နဲ့ မိနစ် ၄၀ ကြာ အသည်းအသန် အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒဏ်ရာ ပြင်းထန်လွန်းတာကြောင့် အခင်းဖြစ်နေရာမှာတင် ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ ကိုယ်ပေါ်မှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြတဲ့ မှတ်ပုံတင် ဒါမှမဟုတ် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာမှ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ CCTV မှတ်တမ်းတွေအရ အဆိုပါလူငယ်ဟာ ည ၁၀ နာရီကတည်းက Samrong ဘူတာကနေ ရထားစီးလာပြီး ဒီဘူတာကို ရောက်ရှိနေတာပါ။ ဒါပေမဲ့ သူဟာ ဘူတာအပြင်ကို မထွက်ဘဲ ၂ နာရီကျော်ကြာအောင် ရှိနေခဲ့ပြီး ညသန်းခေါင် ၁၂ နာရီ ၂၅ မိနစ်မှာမှ အမြင့်ကနေ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ရုပ်အလောင်းကို ရဲဆေးရုံကို ပို့ဆောင်ထားပါသည်။



