လူပျိုဖော်ဝင်စ အရွယ်ရောက်ချိန်မှာ ခန္ဓာကိုယ်ထဲ ဇီဝကမ္မဖြစ်စဉ်တွေ၊ စိတ်ခံစားချက်ပိုင်း၊ ဟော်မုန်း၊ စိတ်ကျန်းမာရေးအခြေအနေတို့ များစွာ အပြောင်းအလဲဖြစ်တာကြောင့် ခန့်မှန်းရခက်ပါတယ်။ အက်စတာဝှိုက်ဖီးလ်ဆေးရုံမှ ကလေးအထူးကု ဒေါက်တာ ဂျိုသီရက်ဂ်ဟူရမ်က "အသက် ၁၁ နှစ်အရွယ်မှာ အရွယ်ရောက်တာဟာ သာမန်အသက်အပိုင်းအခြားအတွင်း ရှိနေတယ်" လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာတော့ ကမ္ဘာတဝှမ်း ကလေးတွေ အရွယ်ရောက်တဲ့အချိန် တဖြည်းဖြည်း စောစောလာတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မိန်းကလေးတွေမှာ ပထမဆုံး အပျိုဖော်ဝင်စလက္ခဏာက ရင်သားဖွံ့ဖြိုးမှုဖြစ်ပြီး ၉ နှစ်မှ ၁၃ နှစ်အတွင်း ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ၁၁ နှစ်ဆိုတာ ဒီအသက်အပိုင်းအခြားအတွင်း ကြားထဲမှာရှိနေပါတယ်။



