ဝမ်းဗိုက်မှာ ပိုလျှံနေတဲ့ အဆီတွေကို ဘီယာဗိုက်လို့ ခေါ်ကြပြီး လူတွေရဲ့နှလုံး အထူးသဖြင့် အမျိုးသားတွေမှာ ပုံစံပြောင်းလဲစေကာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ ဂျာမနီ ဟမ်းဘတ်အက်ပင်ဒေါ့ဖ်တက္ကသိုလ်ဆေးရုံမှ သုတေသီများက နှလုံးတစ်ရှူးများ ပြောင်းလဲပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဗိုက်ပူလာတဲ့အခါ နှလုံးကြွက်သား ထူထဲလာသဖြင့် နှလုံးခန်းတွေ ကျဉ်းလာကာ နှလုံးကနေ သွေးညှစ်ထုတ်နိုင်စွမ်း ထိခိုက်လာပြီး နှလုံးရောဂါ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ခါး-တင်ပါးအချိုးအစား တိုင်းတာတဲ့အခါ လေ့လာချက်ထဲက အမျိုးသား ၉၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၆၄ ရာခိုင်နှုန်းတို့ဟာ အဝလွန်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီနေပါတယ်။
အိန္ဒိယ အိန္ဒြာပရက်စ်သာအပိုလိုဆေးရုံမှ ဒေါက်တာ မူကက်ရှ်ဂိုအယ်က နှလုံးကြွက်သားအားနည်းတဲ့ သူ့ရဲ့လူနာအားလုံးနီးပါးဟာ ခါးအရွယ်အစားကြီးမားတယ်လို့ ဆိုပါတယ်။



