ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး အကူညီလိုအပ်နေတဲ့ ဘိုးဘွားတွေကို လက်ခံနေသေးတယ်လို့ သိရပါတယ်။ ဘိုးဘွားတွေကိုလက်ခံဖို့ နေရာထိုင်ခင်းဆောက်လုပ်ပြီးစီးတာ လပိုင်းလောက်ရှိပြီဖြစ်တဲ့အတွက် လာရောက်နေထိုင်လိုတဲ့ ဘိုးဘွားတွေရှိရင် ကြိုဆိုနေပြီးနေရာထိုင်ခင်းအရ ဂေဟာမှာ ဘိုးဘွား ၅ ဦးလက်ခံလို့ရသေးသလို နေရာဒေသ၊လူမျိုး၊ဘာသာမရွေး ဘယ်သူမဆို ခက်ခဲပြီးတော့ ခိုကိုးရာမဲ့နေတဲ့ ဘိုးဘွားတွေဆိုရင် ဂေဟာကို ဆက်သွယ်လာနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဂေဟာအတွင်း အဘွား ၁၇ ဦး ရှိတယ်လို့သိရပါတယ်။ ပူတာအိုနဲ့ မြစ်ကြီးနား ဒေသတွေက သာမက မော်လမြိုင်ဘက်က အဘွားလည်းရှိတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ပြတ်တောက်သွားတဲ့နောက်ပိုင်းမှာ အဆက်သွယ်တွေပြတ်ပြီးတော့ ဂေဟာအတွင်း အလှူရှင်တွေလည်း မရှိသလောက် လျော့နည်း သွားတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ဂေဟာတဖြစ်လဲ ဂေဟာအတွင်း စားဝတ်နေရေး အခက်ခဲတွေရှိပေမဲ့ တတ်နိုင်တဲ့နည်းနဲ့ ဖြေရှင်းနေတယ်လို့လည်း တာဝန်ခံဆရာက ပြောပါတယ်။



