၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ CNA သတင်းဌာန၏ ဖော်ပြချက်အရ -
ကမ္ဘာ့အကောင်းဆုံးလေဆိပ်တစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံ Changi Airport မှာ ခရီးသည်တွေရဲ့ ဝန်စည်စလယ်တွေကို သယ်ယူပို့ဆောင်ဖို့အတွက် လူမပါဘဲ အလိုအလျောက်မောင်းနှင်နိုင်တဲ့ Driverless Tractors အုပ်စုကို စတင်တာဝန်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါဟာ တစ်နှစ်နီးပါးကြာအောင် စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် အောင်မြင်စွာနဲ့ တကယ့်လက်တွေ့လုပ်ငန်းခွင်ထဲကို ထည့်သွင်းလိုက်တာဖြစ်ပြီး Terminal 1 နဲ့ Terminal 4 ကြားက Baggage Handling Areas တွေမှာ စတင်ပြေးဆွဲနေတာပါ။ အခုအသုံးပြုလိုက်တဲ့ အလိုအလျောက်မောင်းနှင်တဲ့ ထရက်တာတစ်စီးချင်းစီမှာ အာရုံခံကိရိယာ (Sensors) ၁၀ ခုထက်မကနဲ့ ကင်မရာတွေ တပ်ဆင်ထားတာကြောင့် ဘယ်လိုရာသီဥတုအခြေအနေမျိုးမှာမဆို လေဆိပ်ဝင်းအတွင်း ဘေးကင်းလုံခြုံစွာ သွားလာနိုင်မှာပါ။ ဒါ့အပြင် ထိန်းချုပ်ရေးစင်တာကနေလည်း အမြဲမပြတ်စောင့်ကြည့်နေမှာဖြစ်ပြီး လိုအပ်လာရင် လူကိုယ်တိုင် ချက်ချင်းဝင်ရောက်ထိန်းချုပ်နိုင်တဲ့စနစ်လည်း ပါဝင်ပါတယ်။ 


