ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း နည်းပါးကြောင်း သစ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။ လက်ရှိ ရခိုင်သစ်ဈေးမှာ အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်နေကာ ပျဉ်းကတိုး သစ်တစ်တန်ကို တိုက်ပွဲမဖြစ်ခင်က သိန်း (၃၀) ကျော် ရှိခဲ့ပြီး ယခုအခါ ကျပ်သိန်း (၈၀) ထိ ပေါက်ဈေး ရှိနေသည်။ ရခိုင်ပြည်ဒေသအတွင်း သစ်ခုတ်လဲမှုနည်းပါးခြင်းနှင့်အတူ သစ်ရောင်းဝယ်ရေးလုပ်ငန်းများလည်း နည်းပါးသဖြင့် ဒေသတွင်းမှာ သစ်ဈေးနှုန်း ထိုးတက်နေခြင်းဖြစ်ကြောင်း ရခိုင်က သစ်ရောင်းဝယ်ရေး လုပ်ကိုင်သူများက ဆိုသည်။ ရခိုင်မှ သစ်တောများသည် မိုခါမုန်းတိုင်းအပါအဝင် သစ်မှောင်ခိုသမားများ၏ ခိုးထုတ်မှုများကြောင့် တဖြည်းဖြည်း ပြုန်းတီးလာနေသဖြင့် စည်းကမ်းချက်ထုတ်ပြန်ကာ ထိန်းသိန်းမှုများလုပ် ဆောင်နေသည်ကို တွေ့ရသည်။



