ထုတ်လုပ်ရေးစက်ရုံတစ်ရုံဝယ်ယူမယ်လို့ အမေရိကန်မှတ်ဉာဏ်ချစ်ပ်ထုတ်လုပ်သူ Micron Technology (MU.O)က ပြောကြားပြီးနောက်မှာ ထိုင်ဝမ်ရဲ့ Powerchip Semiconductor Manufacturing Corp (6770.TW) ရဲ့ ရှယ်ယာတွေဟာ တနင်္လာနေ့မှာ ၁၀ ရာခိုင်နူန်းနီးပါး မြင့်တက်လာခဲ့ကြောင်း Reuters သတင်းကဖော်ပြခဲ့သည်။ Micron Technology က Powerchip ကော်ပိုရေးရှင်းပိုင် ထိုင်ဝမ်၊မီအိုလီခရိုင် တွန်ဂလုအိုမြို့ရှိ P5 စက်ရုံကို ငွေသားဒေါ်လာ ၁.၈ ဘီလီယံဖြင့် ဝယ်ယူဖို့ ရည်ရွယ်ချက်စာတစ်စောင်ကို စနေနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။Powerchip ဟာ ထိုင်ဝမ်ရဲ့ အဓိက တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး နေ့စဉ်သုံးပစ္စည်းများတွင်သုံးသည့်ချစ်ပ်များ (legacy chips) နှင့် မှတ်ဉာဏ်ချစ်ပ်များကို ထုတ်လုပ်လျက်ရှိသည်။သဘောတူညီမှုသည် ၂၀၂၇ ခုနှစ် ဒုတိယနှစ်ဝက်မှစ၍ Micron ၏ dynamic random access memory (DRAM) wafers များ ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ပေးရန် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ယခုဝယ်ယူမှုကြောင့် ချစ်ပ်ထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည့် cleanroom space ၃၀၀,၀၀၀ စတုရန်းပေခန့် ထပ်မံရရှိမည်ဟု ကုမ္ပဏီက ပြောကြားသည်။ ကမ္ဘာလုံးဆိုင်ရာ မှတ်ဉာဏ်ချစ်ပ်လိုအပ်ချက်သည် ထုတ်လုပ်နိုင်စွမ်းထက် ဆက်လက်မြင့်မားနေသည့်အချိန်တွင် Micron အား DRAM ထုတ်လုပ်မှုကို အဆင့်လိုက် တိုးချဲ့နိုင်စေမည်ဟုလည်း ကုမ္ပဏီက ဆိုသည်။Micron သည် AI နည်းပညာအတွက် အရေးပါသော high bandwidth memory (HBM) ချစ်ပ်များကို ထောက်ပံ့ပေးနိုင်သည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၃ ခုထဲမှ တစ်ခုဖြစ်ပြီး ကျန်နှစ်ခုမှာ တောင်ကိုရီးယားနိုင်ငံ၏ Samsung နှင့် SK Hynix တို့ဖြစ်သည်။Micron ၏ အမှုဆောင်အရာရှိချုပ် ဆန်ဂျေးမီဟိုတြွာက မှတ်ဉာဏ်ချစ်ပ်ဈေးကွက်အခြေအနေသည် ပြီးခဲ့သည့်လကလို ၂၀၂၆ နောက်ပိုင်းအထိ ဆက်လက်ကြပ်နေဦးမည်ဟု ခန့်မှန်းကြောင်းပြောကြားခဲ့သည်။ Micron ၏ အစုရှယ်ယာဈေးသည် ၂၀၂၅ ခုနှစ်အတွင်း ရာခိုင်နှုန်း ၂၄၀ အထိ မြင့်တက်ခဲ့ပြီး ချစ်ပ်ကဏ္ဍ အညွှန်းကိန်း(.SOX) ၏ ၄၂ ရာခိုင်နှုန်း မြင့်တက်မှုထက် များစွာ ကျော်လွန်ခဲ့သည်။



