ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၌ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၆ ဦး တင်ဆောင်လာသည့် Black Ford ကားတစ်စီးသည် ရဲတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ ပြောင်းပြန်မောင်းနှင် ထွက်ပြေးခဲ့ပါသည်။ ရဲတပ်ဖွဲ့က ရုပ်ရှင်ဆန်ဆန် လိုက်လံဖမ်းဆီးရာ ခလောင်ချွန်ပရာထန်း လမ်းဆုံအရောက်တွင် အဆိုပါကားသည် အခြားကားများ၊ ဆိုင်ကယ်များနှင့် အပြင်းအထန် တိုက်မိခဲ့ပြီးနောက် ယာဉ်မောင်းဖြစ်သူ ထိုင်းအမျိုးသားနှင့်အတူ အထောက်အထားမဲ့ နိုင်ငံခြားသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်။ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ယာဉ်တိုက်မှုကြောင့် လူငယ်အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းယာဉ်မောင်းအား တရားမဝင်သူများကို ကူညီသယ်ဆောင်မှု၊ အန္တရာယ်ရှိစွာ မောင်းနှင်မှုတို့ဖြင့် အမှုဖွင့်ထားပြီး နိုင်ငံခြားသား ၆ ဦးကိုလည်း ဥပဒေအရ အရေးယူရန် မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သိရှိရပါသည်။


