တရုတ်ဘက် ရာသီဥတု အအေးဆုံး အချိန်ဖြစ်နေတာကြောင့် ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား ကနေ တရုတ်နယ်စပ် တာလော့ဘက် တင်ပို့နေတဲ့ ဖရဲ၊ သခွား အရောင်းအဝယ် အေးနေပြီး ဈေးလည်း အနည်းငယ် ကျဆင်းနေကြောင်း ဖရဲ သခွား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ အသီးကား အဝင် အစီး ၂၀ ဝန်းကျင် ရှိပြီး ဈေးနှုန်းက အပြောင်းအလဲ မရှိပဲ ဖရဲ ကတော့ စီးပြတ်ကို တရုတ်ယွမ် ၄၀၀၀၀၊ ၅၀၀၀၀ ကြား ပတ်ချာလည် ရှိတယ်လို့ သူက ပြောပါတယ်။ သခွားမွှေးကတော့ ၁ ကီလိုဂရမ်ကို အမြင့်ဆုံး တရုတ်ယွမ် ၃.၇ နှုန်းနဲ့ နှစ်စီးရောင်းရပြီး ကျန်တာကတော့ ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၃ ယွမ် နဲ့ ၃.၅ ယွမ် ဝန်းကျင် အရောင်း အဝယ် ဖြစ်တယ်လို့ သိရတယ်လို့ သူက ထပ်မံပြောပြပါတယ်။ ဖရဲဈေးကွက်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ကနေ ၂၈ ရက်နေ့ အတွင်း စီးပြတ် တရုတ်ယွမ် ၈၀၀၀၀ ဝန်းကျင်ထိ ရရှိခဲ့ပြီး ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ စီးပြတ် တရုတ်ယွမ် ၄၀၀၀၀ ဝန်းကျင်ထိ ကျလာပြီး အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်း ကွာဟမှုရှိကြောင်းလည်း သိရပါတယ်။



