မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများ သန့်စင်ရာမှ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။ယခင်က သဗ္ဗညုဘုရားကြီး၏ အနောက်ဘက် အဝင်မုခ်မျက်နှာကြက်တွင်သာ နံရံပန်းချီရှိကြောင်း သိရသည်။ယခုအခါ တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီ ရှိ/မရှိကို စမ်းသပ်ရာအစိတ်အပိုင်းငယ်နေရာ (၄၀) အား သန့်စင်ရာမှ တတိယထပ် အာရုံခံတောင်ဘက်နံရံနှင့် တတိယထပ်တိုက်မအဝင် မုခ်ပေါက်ဘေးနံရံ (၂) နေရာ၌ နံရံဆေးရေးပန်းချီများရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။



