ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။တာခ့်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ အာဏာပိုင်တွေက ဇန်နဝါရီလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွင်း မဲဆောက်မြို့မှာ စစ်ဆေးစဥ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေဟာ ဈေးဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆိုင်ခန်း စတဲ့ လုပ်ကိုင်ခွင့် မရှိဘဲ အလုပ်လုပ်ကိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအနှံ တရားမဝင် နိုင်ငံခြားသားတွေ စစ်ဆေးမယ်လို့ ပြောကြားပြီးနောက် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။အစိုးရက ခွင့်ပြုချက် မရှိဘဲ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ ဥပဒေအတိုင်း ဆက်လက် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အရေးယူခံရသူတွေဟာ လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားခွင့်ကို ပိတ်ပင်ခံရမှာ ဖြစ်သလို ငွေဒဏ် (သို့) မူလနိုင်ငံသို့ ပြန်ပို့ခံရနိုင်တယ်လို့ သိရပါတယ်။



