ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကြီးကို ဇန်နဝါရီ (၃၁) ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ထမနဲပွဲတော်အတွက် တစ်ဒယ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းသည့်အလှူရှင်များကို ဂေါပကအဖွဲ့မှ ထမနဲလက်ဆောင် (၄) ပုံ (၁) ပုံ ပြန်လည်ပေးအပ်မည်ဟု သိရသည်။အရှေ့ဘက်မုခ် စောင်းတန်းအနီးရှိ ထန်းပင်ကုန်းကွင်းတွင်ပြုလုပ်မည်ဖြစ်ပြီး အဖိတ်နေ့ ညနေ (၃) နာရီ စတင်မည်ဖြစ်သည်။ထို့နောက် တပို့တွဲလပြည့်ဖြစ်သော ဖေဖော်ဝါရီလ (၁) ရက် နံနက် (၅) နာရီတွင် စေတီတော်ကြီးထံ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ထမနဲများ၊ မုန့်များ၊ သစ်သီးများကိုလည်း ကပ်လှူမည်ဖြစ်ကြောင်း သိရသည်။ရွှေတိဂုံစေတီတော်ကြီးတွင် မြန်မာပြက္ခဒိန်လများအလိုက် ဘာသာရေးဆိုင်ရာပွဲတော်များကို ကျင်းပလျက်ရှိရာ ယခုအခါ တပို့တွဲလအတွက် ထမနဲပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆင်ယင်ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။



