မင်္ဂလာဧည့်ခံပွဲမတိုင်မီ Pre Wedding ရိုက်ကူးမှုများကို ယခုနောက်ပိုင်းတွင် အများပြည်သူဆိုင်ရာပန်းခြံများအတွင်း လုပ်ဆောင်မှုများသာမက ရန်ကုန်မြို့လယ်ရှိ လမ်းမများအနီး လမ်းဘေးပလက်ဖောင်းများပေါ်၌လည်း ရိုက်ကူးလုပ်ဆောင် လာကြကြောင်း ရန်ကုန်မြို့တွင်း သွားလာသူများထံမှ သိရသည်။အခုနောက်ပိုင်း Pre Wedding ရိုက်ဖို့ Outdoor တွေများလာတယ်၊ အဲဒီထဲမှာ Public Area တွေဖြစ်တဲ့ ပန်းခြံတွေ၊ ရန်ကုန်မြို့လယ်မှာဆိုရင် ဆူးလေနားတစ်ဝိုက်မှာ လိုက်ပြီးတော့ ရိုက်ပေးရပါတယ်” ဟုလည်း Pre Wedding ရိုက်ကူးရေး ဝန်ဆောင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ရန်ကုန်မြို့အလယ် ဆူးလေဘုရားလမ်းတစ်ဝိုက်တွင် မော်ဒယ်များ၊ အနုပညာရှင်အချို့မှ အလှဓာတ်ပုံများလာရောက်ရိုက်ကူးခဲ့ကြဖူးပြီး နောက်ပိုင်းတွင် ပုဂ္ဂိုလ်တစ်ဦးချင်းမှ ဓာတ်ပုံဆရာများခေါ်၍အလှပုံများကို ရိုက်ကူးလာခြင်းများရှိသလို ယခုနောက်ပိုင်းတွင် မင်္ဂလာဆောင်မည့် မောင်နှံများမှလည်း Pre Wedding ပုံများကို ရိုက်ကူးလာခြင်းလည်း ဖြစ်သည်။ထိုသို့သော Public Area များတွင် လာရောက်ရိုက်ကူးခြင်းမှာ ပုံမှန် Pre Wedding ပုံများထက် ဆန်းသစ်ခြင်း၊ အချို့သော ပန်းခြံများ၊ အလှဓာတ်ပုံရိုက်ကူးရန် နေရာများကဲ့သို့ ရိုက်ကူးမှုအတွက် အခကြေးငွေများပေးဆောင်ရခြင်းမျိုးမရှိခြင်း စသည်တို့ကြောင့်လည်း ဖြစ်ကြကြောင်း သိရသည်။Public Area များတွင် အလှဓာတ်ပုံရိုက်ကူးမှုကိုလည်း ယခုနောက်ပိုင်းဝန်ဆောင်သူအချို့ ရှိလာခဲ့ကြောင်းလည်း သိရသည်။



