ထိုင်းရဲ့ဘန်ကောက် ဘက်အဝင် ရာမ ၂ လမ်းမှာ လမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီး ပစ်ကပ်ကားတစ်စီး တွင်းထဲကျွံကျသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး Samut Sakhon တစ်မြို့လုံး ရေပြတ်တောက်မှုနဲ့အတူ လမ်းကြောင်းနှစ်ဖက်စလုံးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ပြင်းထန်စွာ ဖြစ်ပေါ်နေပါတယ်။ဒီနေ့ ဇန်နဝါရီလ ၁၇ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီလမ်းပြိုကျမှုအခြေအနေကို တာဝန်ရှိသူတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့ Samut Sakhon ရှိ Thawee Kha Watsadu ဆိုင်ရှေ့၊ ဘန်ကောက်ဘက်အဝင် ရာမ ၂ လမ်းရဲ့ Km 29+300 ဘေးလမ်းကြော (parallel lane) မှာ ဖြစ်ပါတယ်။လမ်းအောက်မှာရှိတဲ့ ၁၀၀၀ မီလီမီတာ ပင်မရေပိုက်လိုင်း ကွဲခဲ့တာဖြစ်တယ်လို့ Samut Sakhon စည်ပင် ရဲ့ ရေပေးဝေရေးဌာနခွဲက အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် Samut Sakhon စည်ပင်ရဲ့ ဝန်ဆောင်မှုပေးတဲ့ ဧရိယာအားလုံးမှာ ရေပေးဝေမှု ပြတ်တောက်နေပြီး ယာဉ်မောင်းတွေအနေနဲ့ အဲဒီနေရာကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။လမ်းပြိုကျမှုကြောင့် အကျယ် ၃ မီတာလောက်ရှိတဲ့ တွင်းနက်ကြီးဖြစ်ပေါ်ခဲ့ပြီး ပစ်ကပ်ကားတစ်စီး ခေါင်းစိုက်ကျွံကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ ပစ်ကပ်ကားကို ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီးဖြစ်သလို တာဝန်ရှိသူတွေက နေရာကို ပိတ်ဆို့ကာကွယ်ထားပြီး ပြုပြင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ ဘေးလမ်းကြောရဲ့ ဘယ်ဘက်တစ်လမ်းသွားသာ အသုံးပြုလို့ရပြီး ရေတွေတင်ကျန်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။ဘန်ကောက်ဘက်ကို သွားမယ့် ယာဉ်မောင်းတွေအနေနဲ့ ဒီကာလအတွင်း ရာမ ၂ လမ်း ကို ရှောင်ရှားကြဖို့ အလေးအနက် အကြံပြုထားပါတယ်။ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လျှော့ချနိုင်ဖို့ Phetkasem လမ်းလိုမျိုး တခြားလမ်းလွှဲတွေကို အသုံးပြုကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။



