မန္တလေးတွင်ကြက်ဥ ခြံကောက်ဈေးနှင့် လက်ကားဈေးတို့မှာ အကျဘက်ရောက်နေသော်လည်း လက်လီဈေးသည်အတက်ဘက်တွင်သာ ရှိနေသေးကြောင်း စားသုံးသူဈေးကွက်မှသိရသည်။တစ်လခန့် အတက်မရှိသေးဘဲ ပုံမှန်အကျဈေးနှုန်းဖြင့် တည်ငြိမ်နေသည့်ကြားမှ ဈေးကွက်အတွင်း လက်လီဈေးနှုန်း ဆက်တက်နေခြင်းဖြစ်ကြောင်း ဘဲဥ၊ကြက်ဥ ဥမျိုးစုံလက်ကားဖြန့်ချိရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။လက်လီဈေးကွက်အတွင်း ဈေးမကသေးသည့်အကြောင်းရင်းနှင့်ပတ်သက်၍လမ်းပန်းဆက်သွယ်ရေးပိုင်းတွင် ပေးရသည့် ဂိတ်ကြေးများနှင့် သယ်ယူစရိတ်မြင့်မားနေသေးခြင်းကြောင့်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များဘက်ကလည်း ဆိုသည်။မွေးမြူရေးခြံထွက်ကြက်ဥဈေးနှုန်းသည် ယမန်နှစ်ကုန်ပိုင်းတုန်းက ခြံကောက်ဈေး တစ်ပိဿာ(အလုံး ၃၀)လျှင် ၁၀,၀၀၀ ကျပ်နှင့်အထက်ရှိခဲ့ပြီး ယခုရက်ပိုင်းတွင် ၉,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးကျထားသည်။လက်လီစျေးကွက်အနေဖြင့် မန္တလေးလက်လီစျေးကွက်အတွင်းဖြစ်ပေါ်ခဲ့သည့်စျေးနှုန်းများအရ ကြက်ဥတစ်လုံးလျှင် အရွယ်အစားအလိုက် ၄၀၀ ကျပ်နှင့်အထက်ရှိနေကြောင်း သိရသည်။



