၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်မှာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်နှင့် သေဆုံးသူပေါင်း ၆၀ ကျော်အထိ ရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံမှ သိရပါတယ်။ယာဉ်မတော်တဆဖြစ်စဉ်များဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း အမှုပေါင်း ၁၈၀ ဖြစ်ပွားခဲ့ပြီး ယင်းကြောင့် အမျိုးသား ၁၇၉ ဦးနှင့် အမျိုးသမီး ၁၆၂ ဦး၊ စုစုပေါင်း ၃၄၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၆၄ ဦး ရှိခဲ့တာဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။လက်ရှိမှာ အမြန်လမ်းမကြီးတစ်လျှောက်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်နှင့် မတော်တဆမှုများလျော့နည်းကျဆင်းစေရန်တို့အတွက် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တဲ့ ယာဉ်များကို အရှိန်နှုန်းတိုင်းတာစက်များဖြင့် တိုင်းတာစစ်ဆေးအရေးယူခြင်းများ၊ မူးယစ်သောက်စားပြီး မော်တော်ယာဉ်မောင်းသူများနှင့် အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ထားဘဲ မောင်းနှင်သူများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။



