ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ခေတ်မီမြေအောက်ရေတင်စနစ်ကို အသုံးပြု၍ ဂန္ဓမာပန်းများ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးသူများသည် တစ်လခွဲသား ပျိုးပင်များကို ပြင်ဦးလွင်မြို့မှ ဝယ်ယူကာ မြနှင်းဖြူ၊ စံပယ်ဖြူနှင့် ပဲနီမျိုး စသည့် ဈေးကွက်ဝင်မျိုး များကို ရွေးချယ်စိုက်ပျိုးကြောင်းသိရသည်။အဆိုပါ ပန်းစိုက်ခင်းများတွင် မြေပေါင်တင်စနစ်နှင့် မြေအောက်ရေတင်စနစ်များ ပေါင်းစပ် အသုံးပြုထားပြီး မြေ ၆၀ ပတ်လည် ဧရိယာအတွင်း အပင်ရေ ၂,၅၀၀ ခန့် စိုက်ပျိုးနိုင်ကြောင်း သိရသည်။အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီးငါးလအကြာ မတ်လလောက်တွင် ပထမအကြိမ် ပန်းများ စတင်ခူးဆွတ်ရောင်းချနိုင်သည်။ ကောင်းမွန်စွာ ပြုစုပျိုးထောင်ပါက တစ်ခါစိုက်လျှင် မျိုးဆက် သုံးသားအထိ ဆက်တိုက် ခူးဆွတ်နိုင်ပြီး တစ်ခါချိုးယူခူးဆွတ်ပြီးသည့် ဂန္ဓမာပန်းခင်းကို ဒုတိယအကြိမ် သွင်းအားစုများထည့်သွင်းပြီး ပြုစုပျိုးထောင်လျှင် သုံးလအကြာတွင် ပြန်လည် ချိုးယူခူးဆွတ်၍ ရောင်းချနိုင်ကြောင်း ဂန္ဓာမာစိုက်တောင်သူ ဦးမြင့်ဝင်းထံမှ သိရသည်။



